Tuesday, September 30, 2014

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်း

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်


၂၉.၉.၂၀၁၄ (တနင်္လာနေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်းခဲ့ရာ-
ဤကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း (၇၂၇၀) စောင် ရရှိခဲ့ကာ၊ တရားစီရင်ရေးကိစ္စ (၃၅၀၀)၊ လယ်ယာမြေတိုင်စာမှ (၂၅၀၀) စောင်၊ အုပ်ချုပ်ရေးကိစ္စ (၁၁၇၀) စောင်၊ တပ်မတော်နှင့် စပ်လျဉ်း၍ (၁၀၀) စောင် အသီးသီး ပါဝင်သည်။ ယင်းတိုင်စာများအား သက်ဆိုင်ရာ လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ၊ အဖွဲ့အစည်းများသို့ ပေးပို့ ဆောင်ရွက်လျှက် ရှိကြောင်း၊ အထူးသဖြင့် တရားရုံးများကို စောင့်ကြည့်မည့် လွတ်လပ်သော အဖွဲ့အစည်းများ ရှိသင့်ကြောင်း အကြံပြုထားပါသည်။ လယ်ယာမြေ ကိစ္စများတွင် နိုင်ငံတော်မှ ချမှတ်သည့် လမ်းညွှန်ချက်များကို ဒေသဆိုင်ရာ အာဏာပိုင်များ လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ အုပ်ချုပ်ရေးပိုင်း တွင်လည်း ဗျူရိုကရေစီ အလေ့အကျင့်များ ရှိနေသေးခြင်း များကို ဝေဖန် ထောက်ပြသွားပါသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူ့ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲရန် လိုအပ်ကြောင်း လက်ပံတောင်း၊ ရခိုင်၊ မိတ္ထီလာ ဖြစ်ရပ်များက ညွှန်ပြနေသဖြင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားပြီး ပြည်သူကို ကာကွယ်ပေးသည့် ရဲတပ်ဖွဲ့ ဖြစ်ရန်၊ ဤကော်မတီသည် မြန်မာနိုင်ငံ၏ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းရေး အပိုင်းများအတွက် ဥရောပသမဂ္ဂ (EU) ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရန် အစီအစဉ်ကို တောင်းဆိုခဲ့ရာ  ယင်းလုပ်ငန်း အစီအစဉ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်နေပြီဖြစ်ပြီး (၁၈) လကြာ သင်ကြားပြသ လေ့ကျင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဆော;၀င်,
Powered by Blogger.