Tuesday, September 23, 2014

iOS 8 မြန်မာဖောင့်နှင့် မြန်မာကီးဘုတ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်



မြန်မာစာကီးဘုတ် ရရှိပြီဖြစ်လို့ iOS 8 ကို ဒီမနက်ပဲ ကျွန်တော့်ရဲ့ iPad 2 မှာ update လုပ်လိုက်ပါတယ်။ အရင်က ပြောထားခဲ့သလို iOS 8 မှာ မြန်မာစာ ယူနီကုဒ် စနစ်နဲ့ ပါဝင်လာတာ ဟုတ် မဟုတ် သိလိုတာကြောင့် iOS ကိုလည်း backup restore မလုပ်ပဲ New အနေနဲ့ Clean ဖြစ်အောင် သွင်းယူလိုက်ပါတယ်။

iOS 8 update ဖြစ်သွားပြီးတဲ့ အချိန်မှာ ဘာမှ မလုပ်သေးပဲ ကျွန်တော် ပထမဦးဆုံး သွားလိုက်တာကတော့ Settings > General > Language & Region ပဲ ဖြစ်ပါတယ်။ Preferred Language Order မှာ Add Language ကိုနှိပ်ပြီး လိုက်ရှာကြည့်တဲ့ အခါမှာ "Burmese" မြန်မာဘာသာကို လုံးဝ ရှာလို့မရခဲ့ပါဘူး၊ ဒါပေမယ့် Region Formats ထဲက Region မှာတော့ Myanmar (Burma) ဆိုတာ ပါဝင်လာပါတယ်။

တစ်ခုခုကြောင့်လား ဆိုပြီး iOS 8 သွင်းထားနှင့်ပြီး Language တွင် "Burmese" ရရှိထားသော မိတ်ဆွများကို မေးမြန်းခဲ့ပေမယ့် ဘာကြောင့်ပေါ်လာတယ် ဆိုတာကို တိတိကျကျ မပြောပြနိုင်ခဲ့ပါဘူး (ဒါပေမယ့် သူတို့ ထင်မြင်ချက်က မှန်နေပါတယ်)။

အမှန်တစ်ကယ်တော့ "zawgyi profile" သို့မဟုတ် "unicode profile" တစ်ခုခုကို Install လုပ်ထားပြီး၊ Reboot လုပ်လိုက်တဲ့ အခါမှသာ "Language & Region" မှာ "Burmese" ဟု ပေါ်လာပြီး set လုပ်နိုင်ပါသည်။

ဤနေရာတွင် "zawgyi profile" တစ်ခုထဲကိုသာ install လုပ်ထားပါက "Burmese" ကို ရွေးချယ်နိုင်သော်လည်း မြန်မာစာများမှာ ဖော်ပြပါပုံအတိုင်း မှန်ကန်ခြင်း မရှိသေးပါ။


 "unicode profile" ကို ထပ်မံ install/reboot လုပ်လိုက်မှသာလျှင် မြန်မာစာများ မှန်ကန်လာသည်ကို တွေ့ရပါသည်။


ထို့ကြောင့် iOS 8 တွင် ယူနီကုဒ်ကို သာထည့်သွင်းထားသည်ဟု ယူဆမိပေမယ့် မြန်မာစာ "Profile" မသွင်းပဲ ဘာကြောင့် iOS တင်ပြီးစကထဲက "Language & Region" မှာ "Burmese" ဟု မဖော်ပြနိုင်ခဲ့သည်ကိုမူ စဉ်းစား၍ မရပါ။

ကျွန်တော် စဉ်းစားမိသည်က iOS 8 က ယူနီကုဒ်ကို လက်ခံနိုင်သည့် အဆင့်သာ ရှိထားပြီး font များကိုတော့ system မှာ ထည့်သွင်းပေးထားခြင်း မရှိလို့ ထင်မြင်မိပါတယ် (ကျွန်တော့် ထင်မြင်ချက် မှားချင်လည်း မှာနိုင်ပါတယ်)..

ကျွန်တော် အခု "zawgyi" "unicode" profile နှစ်ခုလုံးကို ဖျက်ပစ်လိုက်ပြီး ထပ်မံစမ်းကြည့်ပါတယ်။
အကယ်၍ iOS 8 မှာ ယူနီကုဒ်ကို တစ်ကယ် အပြည့်အဝ fully support လုပ်တယ် ဆိုရင် ယူနီကုဒ်နဲ့ ရေးထားတဲ့ မြန်မာဆိုက်များကို မည်သည့် profile မှ သွင်းယူစရာမလိုပဲ မှန်ကန်စွာ ဖတ်ရှုနိုင်ရပါမည်၊ သို့သော် ဒီလိုမျိုးလည်း မဟုတ်ခဲ့ပါ...

ယူနီကုဒ်ဖြင့် ရေးသားထားသော အချို့ ဆိုက်များကို Profile မသွင်းပဲ မှန်ကန်စွာ ဖတ်နိုင်ပါသည်။ (ဥပမာ ကိုစေတန်၏ ဘလောခ့်)
အချို့မှာ မဖတ်နိုင်ပါ (ဥပမာ burmese.dvb.no) သို့သော် ထူးဆန်းနေသည်မှာ page ကို loading လုပ်နေစဉ်တွင် အမှန်မြင်ရပြီး loading ပြီးသွားသည့်အခါတွင် အောက်ပါအတိုင်း လေးဒေါင့်တုံးများသာ တွေ့မြင်ရပါမည်။



 ဇော်ဂျီတွင်လည်း ထိုနည်း၎င်း ဖြစ်ပါတယ်။ "moethagyarr.info" ကို Profile မသွင်းပဲ တိုက်ရိုက် ဖတ်နိုင်သော်လည်း၊ ဒေါက်တာလွဏ်းဆွေ ဘလောခ့်မျိုးကိုတော့ "zawgyi profile" မသွင်းယူထားပါက လေးဒေါင်းတုံးများသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ထို့ကြောင့် အထက်ပါအတိုင်း "ဇော်ဂျီ" သို့ "ယူနီကုဒ်" ကို မည်သည့် profile မှ သွင်းစရာမလိုပဲ ဖတ်လို့ရသော ဆိုက်တို့မှာ သူတို့၏ website/blog တို့ကို (fontface, EOT) အစရှိသည်တို့ဖြင့် ကြိုတင်၍ စီမံထားသောကြောင့်သာ ဖြစ်ပါသည်။ iOS 8 တွင် ယူနီကုဒ် ပါဝင်လာသောကြောင့် မဟုတ်ပါချေ။

မည်သို့ပင် ဖြစ်စေ iOS 8 ၏ လမ်းဖွင့်ပေးမှုကြောင့် မြန်မာစာနှင့် ကီးဘုတ်ကို သွင်းယူနိုင်ဖို့ ခက်ခဲစွာ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။


**မြန်မာစာသွင်းယူရန်**

>> ဇော်ဂျီအတွက် http://t.co/WM70j6av69 ကို နှိပ်ပြီး Install လုပ်ပါ။

>> ယူနီကုဒ်အတွက် http://bit.ly/iOS8Unicode ကို နှိပ်ပြီး Install လုပ်ပါ။

နှစ်ခုစလုံးကို သွင်းယူပြီးနောက် iDevice ကို Reboot လုပ်ပါ။

(ဤနေရာတွင် iPhone Setting ၏ Language ကို English သာထားမည်ဆိုပါက "zawgyi profile" တစ်ခုကိုသာ သွင်းယူပါ။ အကယ်၍ နှစ်ခုစလုံးကို သွင်းယူပါက Language တွင် မြန်မာနာရီ၊ မြန်မာလို ပြက္ခဒိန် တို့ကို မြင်တွေ့ရမှာ ဖြစ်သော်လည်း၊ Safari Browser နှင့် Note ကဲ့သို့သော် App များထဲတွင် ဇော်ဂျီနှင့် ရေးထားသည်များ ကမောက်ကမ မြင်ရပေလိမ့်မည်)

အချုပ်ပြောရသော် "unicode profile" သည် Home screen တွင် မြန်မာလို နာရီ၊ ဂဏန်းပေါ်နေသည်မှ လွဲ၍ များစွာ အသုံးမဝင်လှပါ။

**မြန်မာစာကီးဘုတ်**

မြန်မာစာ ကီးဘုတ်အတွက် ယခုစာရေးနေချိန်အထိ သွင်းယူနိုင်သော App မှာ "Black Keys" ဖြစ်ပြီး iPhone, iPad, iPodTouch များအားလုံးအတွက် အလုပ်လုပ်နိုင်ပါသည်။ Paid App ဖြစ်ပြီး SG$1.28 ကျသင့်မှာ ဖြစ်ပါတယ်။
ဝယ်ယူဖို့ အဆင်မပြေသူများကတော့ "TTKeyboard" နဲ့ "Sar Yae" ကီးဘုတ်တို့ကို စောင့်မျှော်ပေးပါ၊ Free version အဖြစ် ထုတ်ပေးဖို့ အလားအလာများပါတယ်။

>> Install Black Keys

၁) Black Keys App ကို Install လုပ်ပါ။

၂) Settings > General > Keyboard > Keyboards > Add New Keyboard > Black Keys > Burmese-Zawgyi ကို ရွေးပေးလိုက်ပါ။



၃) Reboot လုပ်ပါ။


ပြန်တက်လာပါက ကီးဘုတ်တွင် ကမ္ဘာလုံးပုံနှိပ်ပြီး ဗမာ ကီးဘုတ်ကို ပြောင်းပြီး အသုံးပြုနိုင်ပါပြီ။
ချွင်းချက်။ ။ ကီးဘုတ် အတက်နှေးနိုင်ပါသည်။

Credit to - www.moethagyarr.info

Powered by Blogger.