Monday, October 20, 2014

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ အထောက်အကူပြု ကော်မတီများ၊ ဒေသခံများ နှင့် တွေ့ဆုံ

ဟိုပုံး၊ ၂၀၁၄-ခုနှစ်၊ အောက်တိုဘာ(၂၁)ရက်


ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်သည် ဒေသဦးစီးအဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များ လိုက်ပါလျက် ၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုရှိ၊ ကန်တော်လေး (နောင်ဗို)၊ ကယန်းလေး၊ ထီဗွာ (ရေဖြူ) ကျေးရွာများသို့ ရောက်ပြီး ဒေသခံများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

 ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ မိမိတို့ဒေသ ဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာများ ယခုကဲ့သို့ လာရောက်ရခြင်းမှာ ဖွံ့ဖြိုးရေး (Development) ကို အရင်းခံရည်ရွယ်၍ လာရောက်ရ ခြင်းဖြစ်ကြောင်း ပြောကြားပြီး  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပုံအား ရှင်းလင်းပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ (၂၉-၅-၂၀၀၈) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား မြို့နယ် (၄) မြို့နယ် ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ တာဝန်များကို (၃၁-၃-၂၀၁၁) ရက်နေ့တွင် လွှဲပြောင်း တာဝန်ယူခဲ့ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ စတင်ပေါက်ဖွားလာသည်မှာ (၃) နှစ်ခွဲကျော် ကာလအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊  မိမိတို့ ဒေသဦးစီး အဖွဲ့ဝင်များ အနေဖြင့် ဒေသဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့ကို စတင် လုပ်ဆောင်နေရသဖြင့် မိမိတို့ဘက်မှ အားနည်းချက်များ ရှိပါက နားလည်ခွင့်လွတ်စေလိုကြောင်း ၊ (၃) နှစ်ခွဲကျော်ကာလ ကျော်လွန်ပြီး ကျန်သော (၁) နှစ်ခွဲကျော် ကာလသက်တမ်း အတွင်းတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်ညွှန်ချက် ဖြစ်သည့် (၁) ဒီမိုကရေစီ အုတ်မြစ်ကို အခိုင်အမာတည် ဆောက်ပေးသွားရန်၊ (၂) တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ (၃) စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ၊ (၄) ကောင်းမွန်သော အုပ်ချုပ်မှုယန္တရား တည်ဆောက်ရေးနှင့် (၅) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို နိုင်ငံတော်အနေဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်းနှင့် မိမိတို့အနေဖြင့်လည်း  လမ်းညွှန်းချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ပညာရေးနှင့် ပတ်သက်၍ မူလတန်းအဆင့်မှစ၍ အခြေခံ ကောင်းမွန်မှသာလျှင် အလယ်တန်း၊ အထက်တန်း တို့တွင် အခက်အခဲမရှိ သင်ယူတတ်မြောက်မည် ဖြစ်ကြောင်းနှင့် ကျောင်းနေရွယ် ကလေးသူငယ် ကျောင်းတက်နိုင်ရေးနှင့် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းသာမိဘများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများကိုလည်း ကျောင်းနှင့်တူသော ကျောင်းဖြစ်အောင်၊ သတ်မှတ်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့် တို့၏ အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဆောင်ရွက်စေလိုပါကြောင်း ၊ ကျောင်းစာ သင်ကြားမှု တစ်ခုတည်းသာလျင် မဟုတ်ပဲ စိတ်ဓါတ်နှင့် ကိုယ်ကာယကြံ့ ခိုင်သော ကျောင်းသူ/သားများ ဖြစ်အောင် ကြိုးပမ်း ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။


ကျန်းမာရေးနှင့် ပတ်သက်၍ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၊ ဆေးပေးခန်းများကို ကျေးရွာအုပ်စု/ ကျေးရွာများတွင် လုံလောက်မှုရှိအောင် မိမိတို့ ဒေသဦးစီးအဖွဲ့များမှ သက်ဆိုင်ရာအဆင့်ဆင့်သို့ အကူအညီတောင်းခံ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ၊ ကလေးသူငယ် သေသဆုံးမှုနှုန်းများ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိစေရေး လုပ်ငန်း  တို့ကို မဖြစ်မနေပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း လမ်းညွန်မှာကြားခဲ့ပါသည်။


မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ပါတ်သက်၍ မိမိတို့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြဿနာ များထဲမှ အဓိက ပြဿနာတစ်ခု ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့ဒေသရှိ ကျေးရွာအုပ်စု/ကျေးရွာတိုင်း တွင် ပျံ့နှံ့စွာ ရောက်ရှိနေ သည်မှာ ကောင်းမွန်သော လက္ခဏာ မဟုတ်ကြောင်းနှင့် မူးယစ်ဆေးဝါသည် ယခုအခါတွင် စာသင်ကျောင်းများ အထိပင် ကူးစက်လျက်ရှိကြောင်းနှင့် နိုင်ငံတော် အနေဖြင့်လည်း နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်၏ တာဝန်အနေဖြင့် မဟုတ်ပဲ တစ်မျိုးသားလုံး၏ တာဝန်အနေဖြင့် ထဲထဲဝင်ဝင် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။


မိမိတို့ ဒေသဦးစီးအဖွဲ့များ အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ၇၀% သောဒေသ ရှိပြည်သူများသည် တောနေတောင်သားများ ဖြစ်သောကြောင့် ၎င်းတို့၏ လူနေမှုဘ၀ မြှင့်တင်ရေး ကိစ္စများ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦး ဖြစ်သော လမ်းပန်းဆက်သွယ်ရေးကို အဓိက အလေးထား ဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်းတွင် လက်ရှိ ကြုံတွေ့နေရသော သောက်သုံးရေ မလုံလောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ် ငန်းများ၊ လျှပ်စစ်မီးသွယ်တန်းရေး/ရရှိရေး ကိစ္စရပ်များကို နိုင်ငံတော်၏ ခွင့်ပြုရံပုံငွေများ၊ ပြည်တွင်းပြည်ပ အထောက်အပံ့များ၊ ချေးငွေများဖြင့် လုပ်ဆောင်ပေးလျက် ရှိနေပါကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများအပေါ် ဒေသခံများအနေဖြင့်လည်း ၀ိုင်းဝန်းလုပ်ဆောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြာပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဒေသဦးစီးအဖွဲ့ဝင်၊ လူမှုရေး တာဝန်ခံ ဦးခွန်မောင်ပယ်မှ ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး စသည့် လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြလိုသည်များကို အချက်အလက်စုံလင်စွာ ပြုစုပြီး မိမိတို့နီးစပ်ရာ လွှတ်တော်ကိုယ်စားလှယ် များသို့တင်ပြစေလိုကြောင်း ပြောကြားပြီး ဒေသခံများမှ ဒေသတွင်း ကြုံတွေ့နေရသော အခက်အခဲ ပြဿနာ များ၊ လိုအပ်ချက်များကို ဒေသခံများမှ တင်ပြစေပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဦးစီးဌာန အသီးသီးမှ ပြန်လည် လမ်းညွန်မှုများပေးခြင်း၊ ရှင်းလင်းဖြေကြားခြင်း နှင့် မှတ်တမ်းများရယူပြီး တင်ပြချက်များ အပေါ် သက်ဆိုင်ရာ အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။    


ခွန်ပျူခမ်း

   

Powered by Blogger.