Sunday, October 26, 2014

ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သော ပအိုဝ်းတိုင်းရင်းသား ဦးဖြူ နှင့် ပတ်သက်သော မေးခွန်းမေးမြန်း

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်

ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၄) အစည်းအဝေးတွင် ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမှ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ခဲ့သော ခေါင်းဆောင်များနှင့် ၄င်းတို့၏ ကိုယ်စား လက်မှတ်ရေးထိုး သူများသည် ထိုစဉ်က ထမ်းဆောင်ခဲ့သော တာဝန်နှင့် မည်သည့် တိုင်းရင်းသားများ ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းခဲ့ရာ-
ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိမ်းဆွေမှ ဖြေဆိုရာတွင် လက်မှတ်ရေးထိုး ခဲ့သော ပုဂ္ဂိုလ်များ အနက် သထုံ (ဆီဆိုင်) စော်ဘွား စ၀်ခွန်ကြည် ကိုယ်စား လက်မှတ်ရေးထိုး ခဲ့သော ပုဂ္ဂိုလ်မှာ “ဦးဖြူ”  ဖြစ်ပြီး “ပအိုင်း” တိုင်းရင်းသား ဖြစ်ကြောင်း ဖြေဆိုခဲ့ရာမှ၊ ဦးခွန်မောင်သောင်းမှ ဦးဖြူသည် “ပအိုင်း” တိုင်းရင်းသား မဟုတ်ကြောင်း၊ “ပအိုဝ်း” တိုင်းရင်းသား သာဖြစ်ကြောင်း အထောက်အထား ပြကာ ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဦးဖြူသည် ပအိုဝ်းတိုင်းရင်းသား ဖြစ်ကြောင်းကို-
၁။ ဦးအုံးဖေ (ရှမ်းပြည်နယ် ဦးစီး အဖွဲ့ဝင်ဟောင်း) ရေးသား ထုတ်ဝေခဲ့သော နိုင်ငံရေးစာပေ ခွင့်ပြုချက်အမှတ် (၀၀၂) ပင်လုံစစ်တမ်း စာအုပ် စာမျက်နှာ (၄၅၈) အရ သော်လည်းကောင်း၊
၂။ သက်တော်ရှည် ညောင်ရွှေမြို့နယ် အင်းပေါခုံ ဆရာတော်ဘုရား၏ သြ၀ါဒ အရနှင့် အသက် (၈၀) ရှိပြီ ဖြစ်သော ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ ဘ၀မှတ်တမ်း အရ သော်လည်းကောင်း၊
၃။ ဦးခွန်မောင်သောင်းမှ “ပအိုဝ်းလူမျိုး လူနေမှု ပထ၀ီဝင်” တက္ကသိုလ်မှ ဘွဲ့ယူရန် စာတမ်း ရေးသားစဉ် (၁၉၇၀) ခုနှစ်တွင် ဦးဖြူနှင့် ကိုယ်တိုင် တွေ့ဆုံ မေးမြန်းချက် အရ သော်လည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသားများ အကြား ယနေ့တိုင် “လူကြီးစကား သက်ငယ်ကြား” ထိန်းသိမ်း မှတ်ယူလာသည့် အစဉ်အလာ အရ တို့ကြောင့် ဦးဖြူသည် “ပအိုဝ်း” လူမျိုးဖြစ်ကြောင်း ပြန်လည် ရှင်းလင်း တင်ပြခဲ့သည့် အပြင် (၁၉၆၂) ခုနှစ် ပုံနှိပ် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၄၈) တွင် “ဦးဖြူသည်” ကျိုင်းတုံစော်ဘွား၏ ကိုယ်စားလှယ် အဖြစ် လက်မှတ် ရေးထိုးသူ ဖြစ်ကြောင်း မှားယွင်း ဖော်ပြခြင်းမှာ သမိုင်းအမှန် ဖြစ်စေဖို့၊ နောင်လာနောက်သား မျိုးဆက်သစ်များ အမှန် သိနိုင်စေဖို့နှင့် လွတ်လပ်ရေး ကြိုးပမ်းရာတွင် မိမိတို့ တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြောင်း ရဲဝံ့စွာ ဂုဏ်ယူနိုင်ရန် “အမှားပြင်ဆင်ချက်” အနေဖြင့် စွယ်စုံကျမ်းအား ပြန်လည် ပြင်ဆင်ပေးနိုင် မပေးနိုင် ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

ဆော;၀င်,


Powered by Blogger.