Monday, October 31, 2016

ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ အမေရိကန်သံအမတ်အား လက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်



ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)တို့မှ ဆိုင်ရာပါတီ ကိုယ်စားပြုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၄)ဦးနှင့်တကွ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်ကြည်တို့သည် လက်ရှိ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်သံအမတ် Scot Marciel အား တောင်ကြီးမြို့နယ်၊ အေးသာယာဝိုင်ခြံတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၁)နေ့ညနေခင်း၌ လက်ခံတွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်၏ ဒေသအခြေအနေနှင့် လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် အမေရိကန်နိုင်ငံမှ ကူညီပံပိုးပေးနိုင်မည့်အခန်းကဏ္ဍများကို သိရှိလိုသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်သည်ဟု အမေရိကန်သံအမတ်က နှုတ်ခွန်းဆက်စကားစတင်ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ ကြိုးပမ်းဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်တည်ဆောက်မှုအခန်းကဏ္ဍများ၊ ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရှမ်းပြည်နယ်၏ဒေသလိုအပ်ချက်များ၊ ဒေသ၏လက်ရှိစိုက်ပျိုးရေးနှင့်စီးပွားရေးအအခြေအနေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ အမေရိကန်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်သော အခန်းကဏ္ဍများနှင့် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောလုပ်ငန်းများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ အပြန်အလှန်ဆွေးနွေးရာ၌ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အားလုံးသဘောတူညီနိုင်သော နိုင်ငံရေးသဘောတူညီချက်ရရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများအချင်းချင်း ဆွေးနွေးအဖြေရှာကြရမည်သာဖြစ်ကြောင်း၊ လူမျိုးစုကွဲပြားမှုများသည့်နိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာ တည်ဆောက်နိုင်ရန် အချိန်ယူရလေ့ရှိကြောင်း၊ လူမျိုးစုအားလုံးနှင့်တကွ နိုင်ငံသားများအားလုံး ခွဲခြားဆက်ဆံခံရခြင်းမျိုး မရှိရလေအောင် သတိကြီးစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရှိသည့်နည်းတူ နိုင်ငံသားများအားလုံး အတူယှဉ်တွဲနေထိုင်နိုင်အောင် ကြိုးပမ်းရမည်ကြောင်း၊ နိုင်ငံပြောင်းလဲတိုးတက်စေရန်မှာ ပညာရေးသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သကဲ့သို့ နိုင်ငံသားတို့၏ စိတ်နေသဘောထား(Mindset)ကို တိုးတက်ပြောင်းလဲလာစေရန်မှာလည်း အလွန်အရေးကြီးပါကြောင်း၊ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုသည်လည်း အရေးကြီးကြောင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး အကြောင်းဆွေးနွေးရာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသည် လက်ရှိ မြန်မာနိုင်ငံတွင် အမှန်တကယ် လိုအပ်နေပါကြောင်း၊ သို့သော် ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်တစ်ချိန်တည်းမှာပင် ဒေသဆိုင်ရာအစိုးရအသီးသီးတို့၏စွမ်းရည်မြှင့်တင်ရေးကိုလည်း လုပ်ဆောင်သင့်ပါကြောင်း၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်ကို သုံးသပ်ရာတွင် နိုင်ငံ့တပ်မတော်တည်ဆောက်ရာ၌ နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်တစ်ခုတည်းသာ ထားရှိရမည်ဖြစ်ကြောင်း၊ သို့သော် ထိုတပ်မတော်သည် လူမျိုးစုတစ်ခုတည်းကိုသာ ကိုယ်စားပြုသည့်ပုံစံမဖြစ်စေဘဲ လူမျိုးစုအားလုံးပါဝင်သော တပ်မတော်၊ ခွဲခြားဆက်ဆံမှုမရှိသော တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးနှင့် စီးပွားရေးအကြောင်းကို ဆွေးနွေးရာတွင် အမေရိကန်နိုင်ငံမှ ရှမ်းပြည်နယ်ရှိ အချို့ဒေသတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ကူညီမြှင့်တင်ပေးနေပြီး အမေရိကန်နိုင်ငံအထိ တင်ပို့နိုင်အောင် ကူညီဆောင်ရွက်ပေးနေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံကို အကျိုးပြုစေမည့် မည်သည့်သင်တန်း၊ မည်သည့်အလုပ်ရုံဆွေးနွေးပွဲကိုမဆို အမေရိကန်နိုင်ငံမှ ကြိုးစားဖွင့်လှစ်ကျင်းပပေးလျက်ရှိကြောင်း၊ PNO ကိုယ်စားလှယ်များမှလည်း ပအိုဝ်းဒေသရှိ ထောပတ်၊ သရက်၊ လက်ဖက်၊ ပြောင်း၊ ပဲစင်းငုံ၊ အာလူး စသည့်သီးနှံများ ဈေးကောင်းရရှိရေးအတွက် သီးနှံအရည်အသွေးပြည့်မီလာအောင် အမေရိကန်နိုင်ငံမှ နည်းပညာနှင့်အထောက်အပံ့များ ကူညီပေးစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည့် လက်လီအရောင်းသမားများကိုသာမက လက်ကားအရောင်းသမားများကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်လျှင် မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် လူငယ်ကျောင်းသားများအတွက် မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းများကို အဆက်မပြတ် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း အစရှိသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.