Saturday, October 8, 2016

ဟိုပုံးမြို့ မြို့ဦးကျောင်းတိုက်၌ (၂၂)ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွက်ဖတ်ပူဇော်ပွဲ သိမ်းပွဲ အခမ်းအနား သို့ ပအိုဝ်းအမျိုးသားခေါင်ဆောင် ဦးအောင်ခမ်းထီ တတ်ရောက်ပူဇော်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကျောင်းတိုက်တွင် (၂၂) ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွက်ဖတ်ပူဇော်ပွဲ သိမ်းပွဲ အခမ်းအနားကို ယနေ့ ၈-၁၀-၂၀၁၆ ရက်နေ့၊ စနေနေ့၊ နေလယ် ( ၁၂း၀၀ ) အချိန်တွင် စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၂)ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွက်ဖတ်ပူဇော်ပွဲကို သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှ သီတင်းကျွတ်လဆန်း(၇)ရက်နေ့အထိ ရွက်ဖတ်ပူဇော်ခဲ့ပြီး သံဃာပေါင်း (၇၅)ပါး၊ ကျောင်းပေါင်း (၆၄)ကျောင်းကို ပင့်လျောက်ခဲ့ပါသည်။ ယနေ့ အဆိုပါအသံမစဲ ပိဋကတ်သုံးပုံရွက်ဖတ်ပူဇော်ပွဲ သိမ်းပွဲ အခမ်းအနားကို ပထမဦးစွာ အနုမောဒနာတရား နားကြားရန်အတွက် နတ်ဗြဟ္မာများဖိတ်ခေါ်ပြီး နမောတဿ      ဗုဒ္ဓပဏာမ (၃)ကြိမ်ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
ထိုနောက် တောင်ကြီးမြို့ စန္ဒာရာမ အလိုတော်ပြည့်ကျောင်း၊ ကျောင်းထိုင်းဆရာတော် ဦးစန္ဒာဝရ (သာသနတက္ကသီလစမ္မာစရိယ B.A(Hons)၊ သာသနာတက္ကသီလမဟာဓမ္မာစရီယ M.A(Buddhism)) ထံမှ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် လူ့ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်နှင့် အနုမောဒနာတရားတော်ကို နာယူ/ခံယူခဲ့ကြောင်း၊ ဆက်လက်၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ ပိဋကတ်တရား နားကြားရန် ဖိတ်ကြားထားသော စကြာဝဠာအပေါင်းမှ နတ်ဗြဟ္မာများကို နေရင်းရပ်မှန်ဘုံဗိမာန်သို့ ပြန်လည်ပို့ဆောင်ခြင်း၊ ပိဋကတ်တော်များကို ကြွရောက် ချီးမြောက်ပူဇော်ပေးတော်မူသော ဘာဏက သံဃာတော်များထံ တောင်ပန်စကား လျှောက်ထားခြင်း နှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွက်ဆို၍ သာဓုသုံးကြိမ်းခေါ်ဆိုလျက် အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.