Tuesday, November 1, 2016

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးနှင့် ပအိုဝ်းဒေသရှိ အထင်ကရနေရာများကို လာရောက်လည်ပတ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်








အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့်ဇနီးသည် ဒီကနေ့ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်၊ အင်္ဂါနေ့၊ နံနက်(၆း၃၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊  ဒေသဦးစီးရုံးသို့ ရောက်ရှိလာပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် အဖွဲ့များက ရင်းရင်းနှီးနှီးလက်ခံ ကြိုဆိုခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ လာရောက်ပေးသော အမျိုးသားလွှတ်တော်ဥက္ကဌနှင့်အဖွဲ့များကို နံနက်စာဖြင့် ဧည့်ခံကျွေးမွေး၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း အား ရင်းနှီးစွာတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံပြီး အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက အခုလို မိမိကို လှိုက်လှိုက်လှဲလှဲ၊ ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုပြီး ဒေသဦးစီး ဥက္ကဌနှင့် တွေ့ဆုံခွင့်ရသောကြောင့် အလွန်ပင် ၀မ်းသာမိပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်သွားနေသော အချိန်ဖြစ်သောကြောင့် မိမိဤသို့ လာရောက်ရခြင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိအောင် ရည်ရွယ်ခြင်းလည်း ပါဝင်နေကြာင်း၊  မိမိသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသား လူမျိုးများအပေါ် အလေးထားမှုကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေရကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်နေပြီး သူမကို ယုံကြည်လက်တွဲရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရမှသာလျှင် မိမိတို့ မြန်မာနိုင်ငံလည်း တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ် ၀သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ဒီနိုင်ငံကို တိုင်းရင်းသားပေါင်းစုံ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနှင့် လုပ်ဆောင် သွားလျှင် မကြာသောအချိန်တွင် တိုးတက်မည်မှာ အမှန်ပင်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များက မိတ်ဆက်ပေးကာ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က မိမိတို့အဖွဲ့မှ ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်နေသော ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ဆိုင်သော အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့် ရှမ်းပြည်နယ်လွှတ်တော် ဒု-တိယဥက္ကဌ စ၀်အောင်မြတ်ပါဝင်သော အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အထင်ကရဖြစ်သော ထမ်းစမ်းဂှုသို့ (၈း၁၅)တွင် ရောက်ရှိပြီး ထမ်းစမ်းဂှု၏ သဘာဝအလှတရားများကို ကြည့်ဂှုလေ့လာခဲ့ကြပါသည်။ ထို့နောက်ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲမှ နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုရထားသော ပအိုဝ်းဒေသ၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မွေတော်ကက္ကူစေတီတော်သို့ (၁၀း၄၀)မိနစ်တွင် ရောက်ရှိလာပြီး ပအိုဝ်းမိဘပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုကြပြီး အမျိုးသားလွှတ်တော်ဥက္ကဌ နှင့်အဖွဲ့များက ကက္ကူဘုရားစေတီတော်များကို လှည့်လည် ဖူးမျှော်ကြည်ညိုခဲ့ကြ ကြောင်း၊ ထို့ပြင် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်




Powered by Blogger.