Tuesday, November 22, 2016

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်




၂၀၁၆၊ နိုဝင်ဘာ(၂၂)ရက်၊ မနက် (၉)နာရီအချိန်၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးတွင် ဦးစွာ သဘာပတိအဖွဲ့မှ ဆွေးနွေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ကော်မတီဝင်များနှင့်ကိုယ်စားလှယ်များမှ မိတ်ဆက်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် ဖြားခွန်မြင့်ထွန်းမှ နိုဝင်ဘာ (၂၀- ၂၁) ရက်များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးနိုင်ခဲ့သည့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲမှ ရရှိထားသော ရလဒ်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ နှင့်ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ ဒေသအလိုက် ပြုလုပ်မည့် နေရာများအား သတ်မှတ်ခြင်း၊ အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်များဖတ်ကြားခြင်း၊ အတည်ပြုခြင်းများကို ပြုလုပ်ပြီးနောက် ဆွေးနွေးပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်းမှ နိဂုံးချုပ်စကားပြောကြားကာ ညနေ (၄း၃၀)အချိန်တွင် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ဤဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကော်မတီဝင် (၆၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ(ဟိုနမ်း)
Powered by Blogger.