Tuesday, November 1, 2016

အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်






ရှမ်းပြည်နယ်တွင် ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့်ဇနီးသည် ဒီကနေ့ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်၊ အင်္ဂါနေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန် ဦးအောင်ခမ်းထီအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ထို့သို့တွေ့ဆုံရာတွင် အမျိုးသားလွတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက မိမိသည် အင်းအမျိုးသားနေ့၏ ဖိတ်ကြားချက်အရ ရှမ်းပြည်နယ်ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ဤကဲ့သို့ မထင်မှတ်ဘဲ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီနှင့်သော်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခွင့်ရသောကြောင့် အလွန်ပင် ၀မ်းသာမိပါကြောင်း၊ တစ်ဖက်တွင် လည်း တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိအောင် ရည်ရွယ်ခြင်းလည်း ဖြစ်ကြောင်း၊ ပအိုဝ်းဒေသ သည် တောတောင်များနှင့် အေးမြ၍ သာယာလှပနေသည်ကို မြင်ရသောကြောင့် အင်မတန်မှ စိတ်ကြည်နူးမိပါကြောင်း၊ ပအိုဝ်းဒေသသည် ဒီမထက်မကပိုမိုတိုးတက်ပါစေကြောင်း၊ အကူအညီများလိုအပ်က မိမိတို့ကို အကြုံပြတင်ပြနိုင်ပါကြောင်း နှင့် အဘဦးအောင်ခမ်းထီကလည်း သက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်ပေးပါကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးဆောင်ခမ်းထီကလည်း ဤကဲ့သို့ မိမိကို အချိန်ပေး လာရောက်တွေ့ဆုံပေးသောကြောင့် အလွန်ပင် ကျေးဇူးတင်ဝမ်းသာမိပါကြောင်း၊ ယခုလို တိုင်းရင်းသား အချင်းချင်း ပိုမိုရင်းနှီးအောင်သော်လည်းကောင်း၊ အင်းအမျိုးသားနေ့ကို လာရောက်ချီးမြှင့် ပေးမှုအအပေါ် သော်လည်းကောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း၊ အင်းသားများသည် ယခင်က အင်းလူမျိုးများ ဆုံဆည်းရာနေ့အဖြစ် ပြုလုပ်နေကြသည့်နေ့ကို  ယခုနှစ်တွင် အင်းအမျိုးသားနေ့ဟု သတ်မှတ်ပြုကြောင်း၊ မိမိတို့ တိုင်းရင်းသားအများစုသည် တောသူတောင်သားများဖြစ်၍ အနေအေးသူများသာ ဖြစ်ကြကြောင်း၊ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများ ပြုလုပ်မည့် ပအိုဝ်းအမျိုးသားနေ့ကိုလည်း လာရောက်ချီးမြှင့် ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အမျိုးသားလွှတ်တော်ဥက္ကဌနှင့်အဖွဲ့သည် ပအိုဝ်းဒေသရှိ အထင်ကရနေရာများဖြစ်သော ထမ်းစင်းဂှုနှင့် မွေတော်ကက္ကူစေတီတော်များအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်; 



Powered by Blogger.