Thursday, November 17, 2016

တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စိန်ခေါ်မှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်




သဘာဝတရားကြီးက တန်းတူညီမျှမှုကို လွတ်လပ်ညီမျှစွာ လူသားအားလုံးအတွက် ပေးထားသည် ဆိုသော်လည်း ကျွနှ်ပ်တို့လူသားများအနေနှင့် ထိုအခွင့်အရေးကို ရယူသောနေရာတွင် ကွဲပြားခြားနားမှုများ ရှိနေလေသည်။ ဤသို့ ဖြစ်ရခြင်းမှာ လူသားများကို ကျား/မ ခွဲခြားလိုက်ခြင်းအပေါ်တွင် မူတည်နေသည်ဟု မြင်နိုင်ပါသည်။ ဒီနေရာ၌ အကောင်းဘက်တွင် ကြည့်သင့်သကဲ့သို့ အဆိုးဘက်ကိုလည်း ဆန်းစစ်ကြည့်ရန် လိုအပ်လိမ့်မည့်ဟု မြင်ပါသည်။ လောကတွင် အကောင်းနှင့်အဆိုး ဒွန်တွဲနေသည်ကို မြင်နိုင်မှသာလျှင် ကျေနပ်နိုင်စွမ်း ရရှိမည်ဖြစ်သည်။

ယနေ့ခေတ်တွင် အမျိုးသမီးအချို့၏အမြင်၌် မိမိတို့အမျိုးသမီးများသည် မိမိတို့ ကျင့်သုံးနေသော ယဉ်ကျေးမှုနှင့် ဘာသာတရား၏ သွပ်သွင်းမှုများကြောင့်သာ မိမိတို့သည် အမျိုးသားလောက် မစွမ်းဆောင်နိုင်ခြင်း ဖြစ်ရသည်ဟု ပြောကြသည်။ အမျိုးသားများဘက်ကို ကြည့်ပြန်သော်လည်း အခွင့်အရေး၊ အောင်မြင်မှုများ ရယူရာတွင် ကျား/မ နှင့် မဆိုင်ပေ။  မိမိကိုယ်ကိုယ် ကြိုးစားအားထုတ်မှု ပေါ်တွင်သာ မူတည်ပါသည်ဟု ပြောကြပြန်ပါသည်။ သူ့အယူအဆ၊ သူ့ရှုထောင့်နှင့်သူ မှန်နေကြ၏။ ဒီနေရာတွင် စာဖတ်သူများအနေနှင့် မည်သူက မှန်သည်၊ မည်သူက မှားသည်ကို အဆုံးအဖြတ်ပေးရန် အခက်ကြုံတွေ့ကောင်း ကြုံတွေ့နေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အယူအဆကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းရမည်မှာ ကျွနှ်ပ်တို့လူသားများ၏ တာဝန်ပင် မဟုတ်လော။

မည်သို့ပင် ဖြစ်စေကာမူ ဒီနေရာတွင် မည်သူကမှန်သည်၊ မည်သူကမှားသည်ကို အဖြေရှာရန်ထက် ဖြစ်ပေါ်လာသည့် ပြဿ  နာကို မည်သို့ မည်ပုံ ဖြေရှင်းရမည်ဟူသောအချက်မှာ အဓိကကျနေလိမ့်မည်ဟု မြင်ပါသည်။ ယနေ့ လက်ရှိဖြစ်ပေါ်နေသော ပြဿ  နာမှာ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးရရှိရန် တောင်းဆိုနေသည့်ကိစ္စဟု ပြောလျှင်မှားမည် မထင်ပေ။ ကမ္ဘာပေါ်တွင် လူဦးရေ၏ ထက်ဝက်ကျော်တွင် အမျိုးသမီးများ နေရာယူနေသည်ကို ကြည့်ခြင်းအားဖြင့် ယခုလက်ရှိ အမျိုးသမီးများ တောင်းဆိုနေသော အမျိုးသမီးတန်းတူအခွင့်အရေးသည် ပြောပလောက်သည့်အရာ မဟုတ်ပေ။ တစ်ဖက်တွင်လည်း နိုင်ငံရေးလောကတွင် အမျိုးသမီးများ အဘယ်ကြောင့်ပါဝင်သင့်သည်ကိုလည်း သိရှိရန် လိုအပ်ပါသည်။

ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်နှင့် ယခုသွားနေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ခြင်းအားခြင့် အမျိုးသမီးများအခွင့်အရေး ဆွေးနွေးတင်ပြနိုင်ခြင်း အမျိုးသမီးနှင့် သက်ဆိုင်သော ဥပဒေများပြုနိုင်ခြင်းနှင့် အမျိုးသားများ သတိမထားမိသော အသေးစိတ်အချက်အလက်များကို သိနိုင်ခြင်းကြောင့် ပါဝင်သင့်သည်ဟု ယေဘုယျအားဖြင့် နားလည်နိုင်ပါသည်။ ဒီနေရာတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို အမျိုးသားများက တောင်းဆိုဆောင်ရွက်ပေးလျှင် မရနိုင်ဘူးလောဟု စောဒကတက် မေးချင်နေကြသော ပုဂ္ဂိုလ်အချို့လည်း ရှိနိုင်ပါသည်။ သို့သော် အမျိုးသမီးများ၏ လိုအပ်ချက်များနှင့် မကိုက်ညီခြင်း၊ ပြည့်စုံမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသမီး၏ ခံစားချက်၊ အမျိုးသမီး၏ အကြောင်းကို အမျိုးသမီးသာ အသိဆုံးဖြစ်၏။ (တစ်ခါတွင်  ဆောင်းရာသီ၌ အမျိုးသားနှင့် အမျိုးသမီး ခရီးထွက်ကြ၏။ အမျိုးသားက အရေးကြီးသော ဆန်၊ စောင်ကို ယူဆောင်ပြီး အမျိုးသမီးမှာမူ ဆန်၊ စောင်နှင့် အလှဆီပါ ယူသွား၏) ဤသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများအတွက် အရေးကြီးသောအရာကို အမျိုးသားများ သိချင်မှ သိနိုင်မည်ဖြစ်သည်။ ထိုကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ပါက ပိုမို ရှုထောင့်စုံမည်ဖြစ်ပြီး တဖက်တွင်လည်း အမျိုးသမီးများကို နိုင်ငံရေးအသိပညာတိုးပွားလာစေရန် လက်တွဲကူညီရာလည်း ရောက်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ကမ္ဘာပေါ်တွင် အမျိုးသမီးများ အကြမ်းဖက်မှု၊ ခွဲခြားမှုရှိနေခြင်းကြောင့်သာ အမျိုးသမီးများအား ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်းကို ပပျောက်စေရေး သဘောတူစာချုပ် (CEDAW) ပေါ်ပေါက်လာရသည်ဟု ဆိုလျှင် မမှားပေ။ အဆိုပါ (CEDAW)တွင် အမျိုးသမီးများကို အကြမ်းဖက်ခြင်း မပြုရန်၊ ခွဲခြားဆက်ဆံခြင်းမပြုရန်နှင့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အခန်းကဏ္ဍများလည်း ပါရှိပါသည်။ မြန်မာနိုင်ငံအနေနှင့် အမျိုးသမီးများအား ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်းကို ပပျောက်စေရေး သဘောတူစာချုပ် (CEDAW)ကို လက်မှတ်ရေးထိုးခဲ့သည်။ အစိုးရအနေဖြင့် အဆိုပါ CEDAWကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။ သို့သော် CEDAW ပါ သတ်မှတ်ချက်နှင့် လက်ရှိ မြန်မာနိုင်ငံသွားနေသော နိုင်ငံရေးဖြစ်စဉ်၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ လိုအပ်နေသေးသည်ကို လွှတ်တော်တွင်သော်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းတွင် သော်လည်းကောင်း၊ ယခုလက်ရှိ အကောင်အထည်ဖော်နေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ( ၂၁-ရာစု ပင်လုံညီလာခံ)ကို သော်လည်းကောင်း ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ဤသို့ဖြစ်ရခြင်းမှာ တစ်ဖက်တွင်လည်း နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများက အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရန် အဟန့်အတား၊ စိန်ခေါ်မှုများ ရှိနေသည်ဟု ရှုမြင်နိုင်သော အချက်များရှိနေပါသည်။

ပထမစိန်ခေါ်မှုအနေဖြင့် ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ(၃၅၂)တွင် “ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီးနှင့် ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ သို့ရာတွင် အမျိုးသားများနှင့်သာ သင့်လျော်သော ရာထူးတာဝန်များအတွက် အမျိုးသားကိုသာ ရွေးချယ်ခန့်ထားခြင်းကို အဟန့်အတားမဖြစ်စေရ” ဟု အမျိုးသမီးနှင့်ပတ်သက်၍ အပြုသဘောဆောင်သည်ဆိုသော် တစ်ဖက်တွင် ပြန်လည်ကန့်သတ်လိုက်သည်ကို တွေ့ရပါသည်။ ဒီနေရာတွင် မွေးရာပါ လူသားအခွင့်အရေးကို ချိုးဖောက်ရာရောက်နေသည်ဟု ရှုမြင်နိုင်ပါသည်။ သို့သော်လည်း ဘာသာရေးအယူအဆတွင် နေသားကျနေပြီဖြစ်သော ပုဂ္ဂိုလ်များမှာ ၄င်းပုဒ်မကို လူသား အခွင့်အရေး ချိုးဖောက်ရာရောက်နေသည်ဟု မမြင်ဘဲ ဖြစ်သင့်ပါသည်ဟု ရှုမြင်နေကြပါလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ ၄င်းပုဂ္ဂိုလ်များ၏ အမြင်၊ အယူအဆကို ပြန်လည်တည့်မတ်ပေးရမည့်ကိစ္စမှာ တန်းတူအခွင့်အရေး ကိုလိုလားသော အမျိုးသမီးများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။

ဒုတိယစိန်ခေါ်မှုမှာ အထက်တွင် ဖော်ပြထားသည့်အတိုင်း  ဘာသာရေးအယူအဆကြောင့် အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍ ဆုံးရှုံးခဲ့ရသည်ဟူသော  ဘာသာရေးမှ ဆင်းသက်လာသော ယဉ်ကျေးမှုသာဖြစ်သည်။ ဤအချက်သည် အမျိုးသမီးများအတွက် ကြီးမားသော စိန်ခေါ်မှုဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်သုံးမှု၊ အလေ့အထ၊ ထုံးတမ်းစဉ်လာမှ မွေးထုတ်ပေးလိုက်သော ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲလိုလျှင် လူတစ်ဦး၏ ခံယူချက်၊ ယုံကြည်ချက်များကို တွန်းလှန်နိုင်မှသာ ရနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သော နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများစုက လက်ခံထားသော ထုံးတမ်းစဉ်လာအရ အမျိုးသမီးများသည် အမျိုးသားများ၏ ပါရမီဖြည့်ဖက်ဟု ခံယူထားကြပါသည်။ ဤသည်ကို ဗုဒ္ဓဖြစ်စဉ်၏ ဝေဿန္တာရာဇာတ်တော်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ထိုသို့ အရိုးစွဲနေပြီဖြစ်သော ယဉ်ကျေးမှုကို တွန်းလှန်လျှင် လွယ်သည့်အရာ မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် ထိုယဉ်ကျေးမှုကို မွေးထုတ်လိုလျှင် ပတ်ဝန်းကျင်၏ စရိုက်ကို ပြောင်းလဲမှသာလျှင် ရနိုင်မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း အမျိုးသမီးတိုင်း၏ စိတ်တွင် ထိုယဉ်ကျေးမှုများကို တွန်းလှန်ရမည်ဟူသော အသိကို နှလုံးသားထဲထိ ရိုက်သွင်းနိုင်မှသာ ဖြစ်နိုင်မည်ဟုထင်ပါသည်။ ထိုပြင် အချိန်များစွာ ယူရမည့်အလုပ်ကို “မည်သူက စိတ်ရှည်သီးခံနိုင်မည်နည်း”ဆိုသည့် စိုးရိမ်စိတ်လည်း ရှိနေပြန်ပါသည်။ အကယ်၍ ထိုယဉ်ကျေးမှုများကို တွန်းလှန်လိုလျှင် မိမိတို့မွေးထုတ်လာမည့် ကလေးငယ် မိန်းကလေးများကို ယောကျာ်လေး ကဲ့သို့သောစရိုက်များကို သွတ်သွင်းပေးရလိမ့်မည်ဖြစ်သည်။ (ဥပမာ- လေးခွကိုင်ခြင်း၊ သေနတ်ဆော့ခြင်း၊ ဘောလုံးကန်ခြင်း၊ အဆော့သန်ခြင်း၊ …..စသဖြင့်) ဤသို့ သွတ်သွင်းပေးမည်ဆိုပါက လက်ရှိနေသားကျနေပြီဖြစ်သော ပတ်ဝန်းကျင်က မိမိတို့ကို “မည်သို့ မြင်ကြမည်နည်း”ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများသွားချင်နေသော တန်းတူညီမျှမှုလမ်းကြောင်းသည် အခက်အခဲများစွာ ရင်ဆိုင်ဖြတ်သန်းရဦးမည်ဆိုသည့် အချက်မှာ ထင်ရှားနေပါသည်။

မည်သို့ပင် ဆိုစေကာမူ အခြေအနေ၏ တောင်းဆိုမှုအရ ဖြစ်ပေါ်လာသော ပြဿနာကို ဖြေရှင်းနိုင်မှသာ ကျွန်ုပ်တို့ လိုချင်သောစစ်မှန်သည့်ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရန်အတွက် အမျိုးသမီးများအနေဖြင့် ကြိုးစားအားထုတ်မှု လိုအပ်နေသကဲ့သို့ အမျိုးသားများအနေဖြင့်လည်း သဘောထားကြီးရန် လိုအပ်ပါသည်။ ထိုကြောင့် မြန်မာနိုင်ငံအနေနှင့် လက်ရှိသွားနေသော ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် အမျိုးသမီးများ တောင်းဆိုသည့် ၃၀%ကို ကိုယ်စားပြုမှုအနေဖြင့် မဟုတ်ဘဲ ပြည့်ဝသော ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ကို ပေးမှသာလျှင် အမျိုးသမီးတန်းတူမှု အခွင့်အရေး ပြဿနာကို တစ်ခန်းရပ် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထင်မြင်မိပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.