Thursday, November 10, 2016

အမေရိကန်နိုင်ငံ မုဒိတာအဖွဲ့သားများက ဆရာခွန်ကြည် KJG အဆင့်မြင့်ပညာရေးဘော်ဒါဆောင်ရှိ ကျောင်းသား/သူများကို လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်









ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ၊ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၉) ဆရာခွန်ကြည် (KJG) အဆင့်မြင့်ပညာရေးဘော်ဒါဆောင်ရှိ ကျောင်းသား ကျောင်းသူများကို အမေရိကန်နိုင်ငံ မုဒိတာအဖွဲ့သားများမှ နိုဝင်ဘာလ (၉)ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄း၀၀) အချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် အင်္ဂလိပ်ဆရာခွန်ကြည်နှင့်ကျောင်းသားကျောင်းသူများသည် အမေရိကန်နိုင်ငံ မုဒိတာအဖွဲ့သားများအား ရင်းရင်းနှီးနှီးကြိုဆိုနုတ်ဆက်ခဲ့ကာ ပအိုဝ်းရိုးရာအိုးစည်(ထုံမောင်း)ဓလေ့များဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ပြီးနောက် တေးသီးချင်းများဖြင့်လည်း ဖျော်ဖြေသီဆိုပေးခဲ့ကြပါသည်။

အဆိုပါ အမေရိကန်နိုင်ငံ မုဒိတာအဖွဲ့သားများသည် နှစ်စဉ် ကျေးလက်ဒေသရှိ ကျောင်းသား/သူများ (၁၂) ဦးစီကို ကူညီထောက်ပံ့ပေးလျက်ရှိပြီး ယခုလက်ရှိ ဆရာခွန်ကြည် KJG အဆင့်မြင့်ပညာရေးဘော်ဒါဆောင်တွင် ၄င်းတို့အဖွဲ့မှ ကျောင်းသား/သူ ဦးရေ(၃၅)ဦးကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊  လာမည့်နှစ်တွင်လည်း ၄င်းတို့အဖွဲ့မှ ကူညီထောက်ပံ့ပေးသော ကျေးလက်ဒေသရှိ ကျောင်းသား/သူ (၁၂)ဦးကို ဆရာခွန်ကြည် KJG အဆင့်မြင့်ပညာရေးဘောဒါဆောင်သို့ အပ်နှံရန်ရှိကြောင်း၊ အဆိုပါ ကျောင်းသား/သူများ (၁၀)တန်း အောင်ပြီးပါက မြန်မာနိုင်ငံရှိ တက္ကသိုလ်များ သော်လည်းကောင်း၊ နိုင်ငံခြားရှိ တက္ကသိုလ်များသော်လည်းကောင်း တက်ရောက်လိုပါက ၄င်းတို့အဖွဲ့မှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ လာရောက်တွေ့ဆုံရခြင်းမှာ မိမိတို့အဖွဲ့မှ ကူညီထောက်ပံ့ပေးသော ကျောင်းသား/သူများ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဤသို့ ဆရာခွန်ကြည် KJG အဆင့်မြင့်ပညာရေးဘော်ဒါဆောင်၌ မိမိတို့ ထောက်ပံ့ပေးသော ကျောင်းသား/သူများ အပ်နှံရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဒီဘော်ဒါဆောင်ကို ရွေးပြီး ထားရတာကတော့ ဒီဆရာခွန်ကြည်ဘော်ဒါဆောင်မှာ ထားရင် သူတို့ကျေးရွာက တက်တဲ့ကျောင်းနဲ့ မတူဘူး၊ ဒီဘော်ဒါဆောင်မှာ နေတဲ့ကလေးတွေက အရည်အချင်းတွေလည်းရှိလာမယ်၊ ယုံကြည်ချက်တွေလည်း ထားတတ်လာမယ်၊ နောက်ပြီးတော့ အင်္ဂလိပ်စာလည်း ပိုမိုကျွမ်းကျင်မှုရှိပြီး ပြောရဲဆိုရဲတဲ့ သတ္တိလည်း ရှိလာမယ် ဆိုပြီးတော့ ဒီဆရာခွန်ကြည် KJG အဆင့်မြင့်ပညာရေးဘော်ဒါဆောင်ကို ရွေးပြီး အပ်နှံရခြင်းဖြစ်တယ်”ဟု  အမေရိကန်နိုင်ငံ မုဒိတာအဖွဲ့မှ ပြောကြားခဲ့သည်။

ဆရာခွန်ကြည်သည် လက်ရှိတွင် Piti Teacher Network ကို ဖွဲ့စည်းပြီး ကျေးလက်ဒေသရှိ English Four Skills သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ နိုင်ငံတကာဆက်ဆံရေးဌာနတွင်  ဌာနမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို
Powered by Blogger.