Saturday, November 19, 2016

အ.ထ.က ကျောက္ကချားကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် Piti Teacher Network(PTN)တို့ ပူးပေါင်း၍ English Four Skills သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်






၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားရွာ၊ အ.ထ.က ကျောက္ကချားကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် Piti Teacher Network(PTN)တို့ ပူးပေါင်း၍ English Four Skills သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့၊ ဥက္ကဌ ဦးခွန်စံလွင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထိုအဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာသုံးဘာသာစကား ဖြစ်သော အင်္ဂလိပ်ဘာသာစကားအရေးကြီးပုံ၊ လှပသော ပတ်ဝန်းကျင်အလှနှင့်အတူ ကျောက္ကချားရွာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ကိန်းအောင်းနေသော နှစ်တစ်ရာကျော်ကြာသက်တမ်းရှိပြီးဖြစ်သည့် တိုင်တစ်ရာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းရှိသဖြင့် ကျောက္ကချားဒေသသည် ကမ္ဘာလှည့်ခရီးသည်များ မျက်စိကျလာမည်မှာ သေချာနေကြောင်း၊ ထိုသို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင်ကျယ်လာသည်နှင့်အမျှ ထိုကမ္ဘာလှည့်ခရီးသွားတို့နှင့် ဆက်ဆံပြောဆိုနိုင်ရန် မိမိတို့ဒေသခံတို့သည် အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းထားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အပြင်ကမ္ဘာလောကနှင့် ထိတွေ့ဆက်ဆံနိုင်ရန်မှာလည်း အင်္ဂလိပ်ဘာသာစကားသည် မရှိမဖြစ် တတ်မြောက်ထားရန် အရေးတကြီးလိုအပ်နေကြောင်း၊ ယခုကဲ့သို့ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရွာတွင် ရပ်မိရပ်ဖများအပါအဝင် ဆိုင်ရာအဖွဲ့အစည်း အားလုံး ညီညီညွတ်ညွတ်ကြိုးစားဆောင်ရွက်နေသည်ကို မြင်တွေ့ရသဖြင့် အလွန်ဝမ်းမြောက်ပါကြောင်းနှင့် ဆက်လက်၍လည်း မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် တတ်အားသမျှ ညီညွတ်စွာဆောင်ရွက်ကြစေလိုကြောင်းများကို အားပေးပြောကြားခဲ့သည်။
သင်တန်းဖွင့်လှစ်ရသည့်အကြောင်းရင်းကို Piti Teacher Network(PTN)ဥက္ကဌ ဆရာခွန်ကြည် ပြောကြားရာတွင် မိမိအဖွဲ့သည် စေတနာတူ ဝါသနာတူ စုဖွဲ့ထားသည့်အဖွဲ့ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် မိမိတို့တတ်မြောက်ထားသည့်ပညာကို လိုအပ်သူထံသို့ အခမဲ့ မျှဝေပေးလျက်ရှိကြောင်း၊ မိမိတို့အဖွဲ့၏ရည်ရွယ်ချက်သည် ဒေသတွင်း လူငယ်များနှင့် လူထုများ၏ အင်္ဂလိပ်ဘာသာစွမ်းရည်နှင့် အခြားလူ့စွမ်းအားအရင်းအမြစ်ကို ကူညီမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့အဖွဲ့သည် English Four Skills သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်မှာ (၃)နေရာ ရှိပြီဖြစ်ကြောင်းများကို ပြောပြခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်ဖြူနှင့် ကျောက္ကချားရွာဥက္ကဌ ဦးခွန်သိန်းမောင်တို့သည်လည်း သင်တန်းဖြစ်မြောက်အောင် တောင်းဆိုဆောင်ရွက်ပေးပါသော၊ သင်တန်းဖွင့်ပွဲကိုလည်း ကြွရောက်ချီးမြောက်ပေးပါသော ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်ကိုသော်လည်းကောင်း၊ စေတနာ ဝါသနာအရင်းခံ၍ သင်တန်းလာရောက်ဖွင့်လှစ်သင်ကြားပေးပါသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် Piti Teacher Network(PTN)တို့ကို ကျေးဇူးအထူးတင်ပါကြောင်းနှင့် သင်တန်းကို မပျက်မကွက် မှန်မှန်တက်ရောက်ပေးကြရန် ကျောင်းသူကျောင်းသားများကို တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းပြီးတစ်ဆက်တည်းမှာပင် သင်တန်းကို စတင်သင်ကြားပေးခဲ့ကြသည်။
ထိုသင်တန်းတက်ရောက်သူများမှာ အ.ထ.က ကျောက္ကချားကျောင်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် သတ္တမတန်းကျောင်းသူကျောင်းသားများဖြစ်ပြီး စုစုပေါင်းသင်တန်းတက်ရောက်သူ (၁၃၆)ဦးရှိသည်ဟု သတင်းရရှိသည်။ သင်တန်းကို တစ်ပတ်လျှင် တစ်ရက် (တနင်္ဂနွေနေ့)သင်ကြားပေးမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ သင်ကြားပေးသွားမည်ဟုလည်း သိရသည်။ ထိုသို့သော English Four Skills သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပူးပေါင်း၍ အခြားသောဒေသသို့လည်း ဆက်လက်၍ သင်ကြားပေးနိုင်ရန် မျှော်မှန်းထားသည်ဟု Piti Teacher Network(PTN)ထံမှ ကြားသိခဲ့ရပါသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.