Friday, December 23, 2016

ကျောင်းဆောင်သစ် လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်





၂၀၁၆၊ ဒီဇင်ဘာ (၂၃)ရက်၊ သောကြာနေ့၊ မနက်(၁၀)နာရီအချိန်တွင် အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ သင်္ဘောကျေးရွာ၊ သင်္ဘောအခြေခံပညာမူ/လွန်ကျောင်း ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီကြီးကြပ်မှုဖြင့် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း၊ စေတနာအဖွဲ့နှင့်ဒေသခံပြည်သူများမှ  ပူးပေါင်းဆောက်လုပ်သော ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင်  ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း၊ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအနေဖြင့် သဘောင်္အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီးနောက်  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးမှ အဖွင့်အမှာစကား၊ ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ စေတနာအဖွဲ့မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့်တို့မှ အသီးသီး အမှာစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် ကျောင်းဆောင်ဆိုင်ရာ စာတမ်းများနှင့် ဒေသဖွံ့ဖြိုးရေးရံပုံငွေများ ပေးအပ်ခြင်း၊ အမှတ်တရ ပစ္စည်းများပေးအပ်ခြင်း၊ အလံများ ပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းများကို ပြုလုပ်ပြီး ကျောင်းသား/သူများမှလည်း တက်ရောက်လာသော ဧည့်ပရိသတ်များအား အကများဖြင့် ဖျော်ဖြေ ဂုဏ်ပြုကြပါသည်။
ကျောင်းဆောင်သစ်မှာ - ပေ (၁၂၀×၃၀)အရွယ်အစား (၁)ထပ်ကျောင်းဆောင်ဖြစ်ပြီး ၎င်းအပြင် ပေ(၅×၅×၃.၅)ရှိ ရေလောင်ကန်(၁)လုံး၊ (၅)ခန်းတွဲ အိမ်သာတလုံး၊ အလံတိုင်၊ ကျောင်းသားစာရေးစားပွဲ/ထိုင်ခုံ(၄၀)စုံ၊ ဆရာစားပွဲ/ကုလားထိုင်(၄)စုံနှင့် ၀ှိုက်ဘော့(၄)ချပ်တို့လည်း ပါဝင်ပါသည်။
ဤကျောင်းဆောင်သစ်ကို ၂၀၁၆၊ မတ်လမှ ဒီဇင်ဘာလထိ (၉)လ တည်ဆောက်ခဲ့ရပြီး စေတနာ/ နိပွန်ဖေါင်ဒေးရှင်းမှ ပံ့ပိုးငွေ (၃၈၇၀၀၈၉၂)ကျပ်၊ ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ငွေ (၇၄၃၃၅၅၀)ကျပ်၊ စေတနာသတ်မှတ်ချက်တွင် မပါဝင်သောအပိုင်းအတွက် ကုန်ကျငွေ (၅၉၉၅၀၀)ကျပ် စုစုပေါင်း ဆောက်လုပ်ရေးကုန်ကျငွေ (၄၆၇၃၃၉၄၂)ကျပ်ဖြစ်ပါသည်။
ထို့အပြင် စေတနာအဖွဲ့မှ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုကို စေတနာအဖွဲ့၏ သတ်မှတ်ချက်မှုအတိုင်း တွက်ချက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးရံပုံငွေအဖြစ် ငွေကျပ်(၇၁)သိန်းကိုလည်း ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ပြန်လည်ပေးအပ်သွားခဲ့ပါသည်။
ဤအခမ်းအနားသို့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းအုပ်များနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများနှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်အားပေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.