Monday, December 26, 2016

ပိဋကတ်ပအိုဝ်းဘာသာပြန် သံဃာတော်များ ၆-လပတ် အစည်းအဝေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်





 တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်တွင် ပိဋကတ်ပအိုဝ်းဘာသာပြန် သံဃာတော်များအဖွဲ့မှ  ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နေ့လည် (၁၂)နာရီအချိန်တွင် ၆-လပတ် အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးပွဲတွင် သဘာပတိအဖြစ် - ပင်လုံမြို့၊ ၀ါးခရာကျောင်းဆရာတော် ဆရာတော်ဘဒ္ဒန္တ ဦးပညာဝံသမှလည်းကောင်း၊ သြ၀ါဒါစရိယဆရာတော်အဖြစ် ပင်းတယမြို့၊ မင်္ဂလာကန်ဦးကျောင်းတိုက် (ကျုံး)ဆရာတော်ဘဒ္ဒန္တပဏ္ဍိတမှလည်းကောင်း အသီးသီး ရွေးချယ်တင်မြောက်ခဲ့ကြပြီး ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ ဇ၀နာရာမ ပရိယတ္တိစာသင်တိုက် ဆီဆိုင်မြို့မှ ဥယျောဇနဂါထာသြ၀ါဒ ချီးမြှင့်ပေးခဲ့ပါသည်။
ဥက္ကဋ္ဌဆရာတော်၏ သြ၀ါဒအကျဉ်းမှာ ပိဋကတ်ပအိုဝ်းဘာသာပြန်ရဲ့ ရည်ရွယ်ချက်များမှာ ပိဋကတ်တော်တွင်ရှိသော တရားအဆီအနှစ်များကို ပအိုဝ်းတိုင်းရင်းသားများ သိရှိနားလည်လာစေရန်နှင့် သူတော်ကောင်းတရားများကို လွယ်ကူစွာ ကျင့်ကြံအားထုတ်နိုင်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်နိဗ္ဗာန်ချမ်းသာ တည်းဟူသော တရားရေအေး အမြိုက်ဆေးကို ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ ပိဋကတ်တရားတော်များကို ပအိုဝ်းဘာသာသို့ ပြန်ရခြင်းဖြစ်ကြောင်း၊ ပိဋကတ်ပအိုဝ်းဘာသာပြန်အောင်မြင်မှုသည် တနှစ်ပြီးတစ်နှစ် သူ့အချိန်နဲ့သူ ပုံမှန်ပြီးစီးနိုင်ဖို့ ဘာသာပြန်သည့်ပုဂ္ဂိုလ်များ၊ အယ်ဒီတာအဖွဲ့များ၊ အလှူရှင်များ၊ အဖက်ဖက်မှ တာဝန်ယူရသည့်ပုဂ္ဂိုလ်များ အားလုံး ကိုယ့်တာဝန်ကိုယ်သိ၍ ကျေပွန်အောင် ထမ်းဆောင်ရမှာဖြစ်ပါကြောင်း စသည့်သြ၀ါဒစကားကို မိန့်ကြားခဲ့ပါသည်။
ထို့နောက် ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ အတွင်းရေးမှူး(၁) ဆရာတော်ဘဒ္ဒန္တစန္ဒာဝရ(မဟာဓမ္မာစရိယ)မှ လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းလျှောက်ထားကာ လိုအပ်သော စာတမ်းများကိုလည်း ကြွရောက်လာကြသော လက်ထောက်အယ်ဒီတာ ဆရာတော်များအား ဆက်ကပ်ခဲ့ပြီး ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ လျှောက်ထားဆွေးနွေးလိုသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ သံဃာတော် (၇၉)ပါး ကြွရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.