Thursday, December 29, 2016

ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(အကြို)ပင်လုံဒေသလူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်





















ငြိမ်းချမ်ေးရးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေပွဲ(အကြို) ပင်လုံဒေသလူထုတွေ့ဆုံပွဲကို ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ လုပ်ငန်းကော်မတီက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပင်လုံဒေသကိုယ်စား ဒုခမ်းဗွေ(မျင်မိုရ်ခမ်း) ဖြားတန်ဆရာယိုင်းက အဖွင့်အမှာစကား ပြောကြားရာတွင်-ယနေ့အချိန်မှ၍ ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ကြရန်၊ ပြည်ထောင်စုလက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လက်နက်ကိုင်ဆွဲပြီး တိုက်ခိုက်ခြင်းထက် နိုင်ငံရေးဆွေးနွေးပွဲကသာ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းလမ်းစဉ် အစစ်အမှန်ဖြစ်ကြောင်း၊ မျိုးချစ်ဆောင်ကြီးများ လမ်းညွန်ချမှတ်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလမ်းစဉ်များ၊ ငြိမ်းချမ်းရေးလမ်းစဉ်များကို  တစ်စိုက်မတ်မတ် ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်းအကြားတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဦးနှင့်တစ်ဦးအပေါ်တွင် အတ္တမာန်မာန၊ အဃာတတရားများ ရှေ့တန်းမထားပဲ နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အဖြေရှာသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ဆက်တည်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို PPDA ခွန်ထွန်းတင်ကရှင်းလင်းတင်ပြပေးခဲ့သည်။

ဆက်လက်၍ ၂၀ရာစု ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေမှ၎င်း၊ ၂၁ရာစုငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အတွေ့အကြုံများကို ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းကော်မတီ ဥကဌ ဖြားခွန်မြင့်ထွန်းမှ၎င်း၊ ပအိုဝ်းတစ်မျိုးသားဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည့် အကြောင်းအရာများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုအတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေမှ၎င်း ဆွေးနွေးပေးခဲ့ပြီးနောက်တွင် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ဆိုင်ရာ တက်ရောက်လာကြသည့်ပြည်သူများ မရှင်းလင်းသည့် အချက်များကို အမေးအဖြေကဏ္ဍအဖြစ်  ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် နေ့လည်ပိုင်းအချိန်တွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်သူများ၏ နိုင်ငံရေးအမြင်သဘောထားများ အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍများအပါအ၀င် နှီးနှောဖလှယ်ရယူခြင်းအပိုင်းကို လုပ်ငန်းကော်မတီအဖွဲ့ဝင် နန်းခမ်းရီမှ၎င်း၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရန် ဒေသခံလူထုကိုယ်စားလှယ်များကို  အမည်များကို အကျိုးတော်ဆောင်အဖွဲ့မှ ရွှေချယ်ပေးခြင်း၊ တင်သွင်းခြင်း ပြုလုပ်ပြီးနောက် အကျိုးဆောင်အဖွဲ့မှ ဆွေးနွေးပွဲ အနှစ်ချုပ်ကို လုပ်ငန်းကော်မတီအဖွဲ့ဝင် ခွန်မျိုးနှင့် နန်းမို့မို့တို့ ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ ဒေသခံများကိုယ်စား PNLO နာယက ဖြားတန်ခွန်တိဆောင်မှ နိဂုံးချုပ် အမှာစကား ပြောကြားပေးပါသည်။

ပင်လုံဒေသလူထုတွေ့ဆုံပွဲကို ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းကော်မတီများအဖွဲ့သည် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် နမ့်စန်မြို့နယ် တိုင်းကောဝ်းကျေးရွာရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်ဆရာယိုင်းအား ကန်တော့ပြီး သြ၀ါဒစကား နားကြားခဲ့ကြပြီး ပင်လုံမြို့ရှိ ကျေးလက်လူငယ်ပြုစု ပျိုးထောင်ရေးကျောင်းတွင် အလှူတော်ငွေကျပ်(၁၀)သိန်းလှူဒါန်းကာ မြို့မမင်္ဂလာ နောင်ကွတ်ကျောင်းဆရာတော်ကိုလည်း ဖူးမြော်ခဲ့ကြသည်။

၂၉ရက်နေ့ လူထုတွေ့ဆုံပွဲကို ဒေသခံတာဝန်ရှိပုဂ္ဂိုလ်များ၊ လွိုင်လင်၊ ပင်လုံ၊ လင်းခေး၊ မိုင်းကိုင်၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ မိုင်းပန်၊ လဲချားမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ဒေသခံကိုယ်စားလှယ်တော်ကြီးများ (၃၀၀)ကျော် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.