Wednesday, December 14, 2016

အားကောင်းသော ပူးပေါင်းပါဝင်မှုမှသည် မူးယစ်ဆေးဝါးပပျောက်ရေးဆီသို့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်


သမိုင်းများအရ မြန်မာနိုင်ငံသည် ရှေးဘုရင်မင်းများလက်ထက်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မရှိခဲ့ပေ။ သို့သော် ၁၈၈၆-ခုနှစ် အင်္ဂလိပ်တို့မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက်ပိုင်း မြန်မာတရုတ်နယ်စပ် တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ရှိလာခဲ့ပြီး  ၁၉၀၉-ခုနှစ်တွင် တရုတ်နိုင်ငံ၌ကျင်းပသော နိုင်ငံတကာ ဘိန်းညီလာခံကြီးမှ တရုတ်နိုင်ငံရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ပိတ်ပင်တားဆီး လိုက်ရာ တရုတ်နိုင်ငံမှ ဘိန်းစိုက်ပျိုးသူများ၊ ထုတ်လုပ်ရောင်းဝယ်သူများသည် မြန်မာပြည်သို့ပြောင်းရွှေ့လာပြီး တရုတ်မြန်မာနယ်စပ်ရှိ ရှမ်းကုန်းမြင့်များတွင်စိုက်ပျိုးကာ မြန်မာပြည်တွင်ရောင်းဝယ်မှု စတင်ပြုလုပ်လာခဲ့သည်ဟု သိရသည်။  ထိုအချိန်တွင် အင်္ဂလိပ်အစိုးရသည် ရှမ်းပြည်ဆိုင်ရာ ဘိန်းဥပဒေကို ပြဌာန်းကာ တောင်သူများကိုတရားဝင် ဘိန်းစိုက်ပျိုးခွင့်ပေးခဲ့ပြီး ထွက်ရှိသော ဘိန်းများကိုလည်း အင်္ဂလိပ်အစိုးရမှ ၀ယ်ယူသောကြောင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၁၉၄၈-ခုနှစ် လွတ်လပ်ရေးရရှိချိန် အထိ တရားဝင်အသက်မွေးဝမ်းကျောင်းအဖြစ် ရောက်ရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အဆက်ဆက်သောအစိုးရများမှ ဘိန်းစိုက်ပျိုးမှုကို အမျိုးမျိုးသော တိုက်ဖျက်မှုများ လုပ်ဆောင်သော်လည်း အောင်မြင်မှုမရှိဘဲ စိုက်ပျိုးမှုသာမက ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲမှုအထိပါ ပိုမိုမြင့်မားလာခဲ့ပါသည်။

ဘိန်းကို အသက်မွေးဝမ်းကျောင်းသဖွယ် စိုက်ပျိုးထုတ်လုပ်လာသောကြောင့် ယနေ့လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ပြဿနာပေါင်းမြောက်များစွာနှင့် ရင်ဆိုင်ဖြေရှင်းနေရပါသည်။ စာရေးသူ၏ဒေသတွင် ဘိန်းစိုက်ပျိုးမှုသည် ယခင်ကထက် လျော့နည်းလာသော်လည်း ဘိန်းသုံးစွဲမှု၊ ယာမဆေးပြားများသုံးစွဲမှုသည် ယခင်ကထက် ပိုမို၍ သုံးစွဲလာကြသည်ကို နေ့စဉ်နှင့်အမျှ စိတ်မသက်သာစွာ တွေ့မြင်နေရပါသည်။ ဘိန်းသုံးစွဲခြင်း၊ ယာမဆေးပြားသုံးစွဲခြင်းတို့ကြောင့် ခိုးမှုများ၊ လုယက်မှုများလည်း နေ့စဉ်နှင့်အမျှ စိတ်မသက်သာစွာ ကြားသိနေရပါသည်။ ထိုကဲ့သို့သော ဘိန်းသုံးစွဲခြင်း၊ ယာမဆေးပြားသုံးစွဲခြင်းတို့၏ နောက်ဆက်တွဲပြဿနာများသည် ခိုးမှု၊ လုယက်မှု များမှတဆင့် မိမိ၏ မိသားစုဝင်များကိုပင် မိမိ၏မိသားစုဝင်ဟု အသိစိတ်မရှိတော့ဘဲ လူသတ်မှုများအထိပါ ကျူးလွန်လာကြသည်ကို တွေ့မြင်လာရပြီး မိမိတို့၏ နေအိမ်တွင်ပင် လုံခြုံမှု မရှိတော့သည်အထိ ဖြစ်လာသည်။ ဤသည်များသည် ရှေးယခင်က ဘိန်းစိုက်မျိုးထုတ်လုပ်မှုများကို အသက်မွေးဝမ်းကျောင်းသဖွယ် စိုက်ပျိုးထုတ်လုပ်ခွင့်များ၏ နောက်ဆက်တွဲများဖြစ်ပြီး ခေတ်အဆက်ဆက်အစိုးရများမှ ပပျောက်မှုပြုလုပ်နိုင်ခြင်း မရှိသောကြောင့် ဤကဲ့သို့ ဆိုးရွားလှသော အခြေအနေများအထိ ရောက်ရှိလာရခြင်းဖြစ်သည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။

ယခင်တွင် မူးယစ်ဆေးဝါးစိုက်ပျိုးမှုအခြေအနေ မြင့်မားခဲ့သော်လည်း သုံးစွဲမှုများတွင် နည်းပါးခဲ့ပါသည်။ နောက်ပိုင်းတွင် မူးယစ်ဆေးဝါးစိုက်ပျိုးမှုများသည် ဈေးကွက်များကျဆင်းလာသည့် အခြေအနေများကြောင့် စိုက်ပျိုးမှုလျော့နည်းလာသော်လည်း ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုအပိုင်းတွင် သိသာစွာ မြင့်မားလာခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုသည် အလွန်ပင်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာသည်။ စာရေးသူနေထိုင်ရာဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သူငယ်ချင်းအချင်းချင်း သတ်ဖြတ်ခြင်း၊ မိဘများကို ပြန်သတ်ခြင်း စာသည့်လူသတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ လူသတ်မှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းသည် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲမှုကြောင့် လူ့စိတ်များ ပျောက်ကွယ်ပြီး စိတ္တဇရူးသွပ်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲနိုင်ရန် လိုငွေများကြောင့်လည်းကောင်း၊ မူးယစ်ဆေးပြားများ၊ ယာမဆေးပြားများကို အချိန်အခါနေရာမရွေး ဈေးသက်သာစွာဖြင့် ရရှိနိုင်သောကြောင့်လည်းကောင်း စသည့် အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာ ကြရသည်။ ယခင်တွင် မူးယစ်ဆေးဝါးကို ငွေးရေးကြေးရေး တတ်နိုင်သူများကသာ သုံးစွဲနိုင်ကြသော်လည်း ယနေ့အချိန်တွင် အခြေခံလူတန်းစားများဖြစ်သော တစ်နေ့လုပ်တစ်နေ့စားသမားများလည်း သုံးစွဲလာ ကြသည်အထိ ဖြစ်လာပြီး ယနေ့အချိန်တွင် ကျောင်းနေအရွယ်ကလေးများပါ သုံးစွဲလာကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ကြားသိလာရပါသည်။

ယနေ့အချိန်တွင် စာရေးသူနေထိုင်ရာဒေသအတွင်း၌ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ဒေသခံအဖွဲ့အစည်းများမှ သော်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့များမှ သော်လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်များမှသော်လည်းကောင်း  အားကြိုးမာန်တက် လုပ်ဆောင်လာကြသည်ကို အားရကျေနပ်မိပါသည်။ ဒေသခံအာဏာပိုင်များမှ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဟောပြောရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြပြီး ဒေသခံများမှ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲသူများကို ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်နေကြသည်ကိုလည်း အားရကျေနပ်မိပါသည်။ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ယခုကဲ့သို့ အားတက်တရော ဆောင်ရွက်နေချိန်တွင် ပြည်သူများအနေဖြင့် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ရန် လိုအပ်ပါသည်။ ပြည်သူများမှ ပူးပေါင်းပါဝင်မှု မရှိသည့်ကာလပတ်လုံးတွင် မည်သည့်အဖွဲ့အစည်းမှ မည်ကဲ့သို့သော နည်းလမ်းကောင်းများဖြင့် ဆောင်ရွက်နေစေကာမူ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်း အောင်မြင်မှုရရှိမည်မဟုတ်သည်မှာ အသေအချာပင် ဖြစ်ပါသည်။  မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများအတွက် အဓိကအခရာကျသည်မှာ ပြည်သူများသာ ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နိုင်ငံတကာလေ့လာချက်များအရ မူးယစ်ဆေးဝါးသုံးစွဲသူများအနက် အများဆုံးပါဝင်နေသူများ၏ အသက်မှာ (၁၅)နှစ်မှ (၃၅)နှစ်ကြားဖြစ်ကြောင်း သိရှိရသဖြင့် ကျောင်းသားများနှင့်လူလတ်ပိုင်းတို့ အများဆုံးပါဝင်နေသည်ကို တွေ့ရှိရပါသည်။ ပညာရှာရန် အသက်အရွယ်နှင့် လုပ်အားအကောင်းဆုံးအသက်အရွယ်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ထိုင်းမှိုင်းထုံထိုင်းနေခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်းပင်ဖြစ်သည်။

သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးပပျောက်ပရေးလုပ်ငန်းကို အရှိန်အဟုန်မြင့်မြင့်နှင့်  ရဲတပ်ဖွဲ့၊ ဒေသခံ အဖွဲ့အစည်း၊ ပြည်သူလူထုတို့မှ အားကောင်းသော ပူးပေါင်းပါဝင်မှုတို့ဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းကို အချိန်တိုအတွင်း ပပျောက်နိုင်စေရန်အတွက် လုပ်ဆောင်ကြရန် စာရေးသူမှ တိုက်တွန်းရေးသားလိုက်ပါသည်။

Kka Sp   

Powered by Blogger.