Wednesday, December 21, 2016

ပအိုဝ်းဒေသဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်



မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအနက် ပအိုဝ်းလူမျိုးများသည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုသည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကိုးကွယ်ကြသည်။ ပအိုဝ်းလူမျိုးများသည် ချစ်စရာကောင်းသော ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်စာပေများရှိသည်။ ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိပါသည်။ အထူးသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းလူမျိုးအများစုနေထိုင်သည့် ဒေသပင်ဖြစ်ပါသည်။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ပအိုဝ်းတိုင်းရင်းသားအများစုသည်လည်း တောင်ယာ၊ ခြံလုပ်ငန်းများ လုပ်ကိုင်ပြီး ရိုးသားဖြူစင်သောစိတ်ထားဖြင့် နိုင်ငံအကျိုး၊ လူမျိုးဘာသာအကျိုးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အဘက်ဘက်မှ ၀ိုင်းဝန်းလုပ်ဆောင်လျက်ရှိပါသည်။

“ပအိုဝ်းအစသထုံက”ဆိုသည့် ဆိုရိုးစကားအတိုင်း ပအိုဝ်းတိုင်းရင်းသားများသည် သုဝဏ္ဍဘူမိ သထုံပြည်တွင် ရှေ့ဦးစွာအခြေချနေထိုင်ခဲ့သော တိုင်းရင်းသားမျိုးနွယ်စုတစ်စုဖြစ်သည်ဟု သမိုင်းသုတေသီ များကရေးသားထားသည်ကိုလေ့လာခြင်းအားဖြင့်သိရှိခဲ့ရပါသည်။ သို့သော် ထိုအချိန်တွင် အနော်ရထာမင်း က သုဝဏ္ဍဘူမိသထုံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သထုံရှိပအိုဝ်းလူမျိုးများသည် အဖွဲ့အမျိုးအမျိုး ကွဲသွားကာ အချို့သည် သုဝဏ္ဍဘူမိသထုံပြည်တွင်လည်းကောင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တွင် လည်းကောင်း၊ ပခုက္ကူအနောက်ဘက်၌လည်းကောင်း နေရာအသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိ လာသော ပအိုဝ်းတိုင်းရင်းသားများသည် ပဒေသရာဇ်စနစ်၏ ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစသည့် လူနေထိုင်မှုအဆင့်အတန်းနှိမ့်ကျခဲ့ရသည်။ သို့သော် ပအိုဝ်းတိုင်းရင်းသား များ၏ စည်းလုံးညီညွတ်မှုအားကောင်းခြင်း၊ မျိုးချစ်စိတ်ဓာတ်ရှိခြင်း၊ အချင်းချင်းရိုင်းပင်ကူညီမှု စိတ်ထက်သန်မှုရှိခြင်း နှင့် ပအိုဝ်းခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအားကောင်းခြင်းကြောင့် ပဒေသရာဇ်စနစ်ကြီးကို တက်ကြွစွာတော်လှန်ခဲ့ကြပြီး ၁၉၅၉ ခုနှစ်- ဧပြီ(၂၉) ရက်နေ့တွင် ပဒေသရာဇ်များ အာဏာစွန့်လွတ်ခဲ့သည်။ ပဒေသရာဇ်များ အာဏာစွန့်လွတ်ပြီးသည့်နောက်တွင်လည်း ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်၏ အငွေ့အသက်များကျန်ရှိနေသောကြောင့် ပြည်တွင်းစစ်များဖြစ်ပွားခြင်း၊ နိုင်ငံတွင်း မတည်မငြိမ်မှုနှင့် ပြည်တွင်းရေးမတည်ငြိမ်မှုများစွာရှိသောကြောင့် ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း များလုပ်ဆောင်ရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရပါသည်။ ထို့နောက် ၁၉၉၁ -ခုနှစ်တွင် ပအိုဝ်း ခေါင်းဆောင်ကြီးများက နိုင်ငံတော်အစိုးရထံသို့ ငြိမ်းချမ်းရေးလဲလှယ်ကာ ငြိမ်းချမ်းရေးရယူပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အဖြင့် ဆောင်ရွက်လာခဲ့သည်။ သမိုင်းကြောင်းအရ ၁၉၉၁ -ခုနှစ် ပအိုဝ်းခေါင်းဆောင်ကြီးများနှင့် နိုင်ငံတော်အစိုးရတို့ လက်နက်နှင့် ငြိမ်းချမ်းရေးရယူချိန်တွင်စာချုပ်စာတမ်းဖြင့်ချုပ်ဆိုခဲ့ခြင်းမရှိဘဲနှုတ်ကတိဖြင့်သာ လဲလှယ်ခဲ့ကြသည်ဟု လေ့လာတွေ့ရှိရပါသည်။ ပအိုဝ်းခေါင်းဆောင်ကြီးများနှင့် နိုင်ငံတော်အစိုးရအကြား ကတိစကားယုံကြည်မှု သည် ငြိမ်းချမ်းရေးရယူချိန်မှစ၍ ခေတ်အဆက်ဆက်အစိုးရမှ ဒီမိုကရေစီ အရပ်ဘက်အစိုးရလက်ထက် အထိပအိုဝ်းခေါင်းဆောင်ကြီးများနှင့် ပအိုဝ်းတိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးသည်လည်း နိုင်ငံတော် နှင့် ဆိုးသူကောင်းဘက်နိုင်ငံအကျိုးစီးပွားများကို တက်ညီလက်ညီ လက်တွဲဆောင်ရွက်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်များသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစီးပွားကိုမကြည့် စေတနာ၊ ၀ါသနာ၊ အနစ်နာစသော “ နာသုံးနာ” စိတ်ထားဖြင့် လုပ်ဆောင်လျက်ရှိသည်ကိုလည်း ယနေ့ထိတိုင်တွေ့ရှိနေရဆဲဖြစ်ပါသည်။ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ပအိုဝ်းဒေသအဓိကလုပ်ဆောင်သည့်ဖွံ့ဖြိုးလုပ်ငန်းများသည် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး ၊ စီးပွားရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင် သည့်နေရာတွင် နိုင်ငံတော်အစိုးရ၏ကူညီထောက်ပံ့မှု ၊ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ ကြိုးစားအားထုတ်မှု အားကောင်းခြင်းနှင့် ကိုယ်ကျိုးမကြည့် အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် လုပ်ကိုင်ခြင်းကြောင့် ငြိမ်းချမ်းရေးမယူခင်အချိန် နှင့်ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း ပအိုဝ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဘက်ဘက်မှ များစွာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေး အသီးအပွင့်များကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပအိုဝ်းတိုင်းရင်းသားများ အကျိုးရလဒ် ခံစားရသည်သာမက ပအိုဝ်းဒေသတွင်းတွင်နေထိုင်ကြသော အခြားတိုင်းရင်းသားများ ဒေသဖွံ့ဖြိုးမှု ရလဒ်များကို ထပ်တူထပ်မျှခံစားကြရသည်ကိုလည်း လေ့လာတွေ့ရှိရပြန်သည်။ ထို့အပြင် ဒေသအတွင်း တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိလာသည်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၏ အပွင့်အခက် များပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခွန်လိုရဲုင်း
လွယ်ကောင်း

Powered by Blogger.