Wednesday, January 11, 2017

မိမိကိုယ်သာကိုးကွယ်ရာ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်


“ အတ္ထာဟိ အတ္တနော နာထော ” ဟူ၍ ရှင်မြတ်ဘုရားက ဟောကြားညွှန်ပြတော်မူခဲ့ဖူးပါသည်။ ဤလောက၌ မိမိကိုယ်သာ အားကိုးရာယုံကြည်ရာဖြစ်သည်။ မိမိ၏ အတ္တ၀ိဥာဉ်နှင့်တူသော ယုံကြည်ကိုးစားရာ အဘယ်မှာရှိအံ့နည်း။ မိမိသာလျှင် မိမိဘ၀၏ အရှင်သခင်ဖြစ်စေရမည်။ သံသရာ တည်းဟူသော အဏ္ဏ၀ါတည်းဟူသောမြစ်ပြင်ကျယ်၌ မိမိသာလျှင် ဘ၀ရေယာဉ်၏ ပဲ့ကိုင်မာလိန်မှူး ဖြစ်စေရမည်။

လူသားအားလုံးသည် တစ်ယောက်တည်းသာ လူ့လောကသို့လာခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အစွမ်းအစကို အသုံးချလျက် လူ့ဘ၀နယ်ပယ်သို့ ရုန်းကန်ကာထွက်လာခဲ့ကြသည်။ သေရွာသို့ လည်းတစ်ယောက်တည်းသာ သွားရဦးမည်ဖြစ်သည်။ ထို့ကြောင့် အသက်ရှင်လျက်ရှိသော ကာလအပိုင်းအခြား၌လည်း မိမိ၏အစွမ်းအစကို ယုံကြည်စွာ အသုံးချရန် လိုအပ်ပါသည်။ ကျွန်မတို့သည်  ငယ်စဉ်အခါက “ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ̋ ဟူသော ဆောင်ပုဒ်ကို ဆိုခဲ့ဖူးကြသည်။ မိဘနှစ်ပါးသည် ကျွန်မတို့ကို ကျွေးမွေးစောင့်ရှောက်ပေးနိုင်ကြသည်။ ဆရာသမားများသည် သင်ကြား ဆုံးမလမ်းညွှန်ပေးနိုင်ကြပါ၏။ သို့သော်ဘ၀ကို လက်တွေ့ဖန်တီးကြရာတွင်မူ မိမိကိုယ်ပိုင်အစွမ်းအစဖြင့် မကြိုးစားလျှင်ဆရာမိဘတို့လည်း မကယ်နိုင်ချေ။ ဆရာမိဘတို့၏ကျေးဇူးကိုသာ မှီခိုတွယ်ကပ်နေ ရသူတို့မှာ ပြသာဒ်ဖျားဝယ် နားသည့်ကျီးမျှ ပမာကျပါလိမ့်မည်။ မိဘဆရာစကားနာယူ၍ ကျမ်းစာသိမြင်တတ်အောင်သင်ရန်မှာ မိမိ၏တာဝန်ဖြစ်လေသည်။

မဆာလောင်ပါဘဲ စားသောက်ခြင်းသည် အရသာမရှိသကဲ့သို့ ဆင်းရဲခြင်း၏ဒဏ်ကို မခံစားဖူး ဘဲချမ်းသာခြင်းသည်လည်း အရသာပေါ့ပျက်လှ၏။ ထို့အတူ မိမိ၏ကြိုးစားအားထုတ်ခြင်းမပါဘဲ ရရှိ လာသမျှအရာအားလုံးသည်လည်း အနှစ်သာရကင်းမဲ့လှချေ၏။ မိမိအကျိုးအတွက် မိမိကိုယ်သာ အားကိုးရမည်ဟူသော အသိစိတ်ဓာတ်ကို တိရိစ္ဆာန်များ၌ပင် အထင်အရှားတွေ့နိုင်ပါသည်။ သူတစ်ပါးကို အားမကိုးသင့်ကြောင်းသည် လူတိုင်းကအသိပင်ဖြစ်သည်။ မိမိအသက်ရှူခြင်းအတွက် သူများနှာခေါင်းကို အငှားမတောင်းသင့်ဟု ရှေးလူကြီးများကဆိုခဲ့ကြပြီးဖြစ်သည်။

မိမိကိုယ်ကို အထင်ကြီးလွန်းလျှင် မှားမည်ဖြစ်သော်လည်း မိမိကိုယ်ကိုအထင်မကြီးလျှင် မည်သည့်အရာကိုမျှ ထူးချွန်ပြောင်မြောက်အောင်ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ မိမိ၏ စွမ်းရည်ကို  ယုံကြည်နိုင်ရန်၊ မိမိ၏အရည်အချင်းကို လေးစားနိုင်ရန် ကိုယ်တိုင်ကနေတတ်ဖို့ အရေးကြီးပါသည်။ သူတစ်ပါး၏ အကြည်ညိုကိုခံလိုလျှင် ကိုယ့်ကိုကိုယ်ကြည်ညိုအောင် အရင်နေရ၏။ သူတစ်ပါးကို ဆုံးမလိုလျှင် ကိုယ့်ကိုကိုယ် ဦးစွာဆုံးမရ၏။ ထို့အတူသူတစ်ပါးကို အားကိုးရမည်ဟု တွေးမိလျှင် မိမိကိုယ်ကိုသာ ပထမဦးဆုံးအားကိုးရာ၏။ အားထားရာ၊ ကိုးကွယ်ရာမှားမှုသည် သံသရာတစ်လျှောက်လုံး ပြင်၍မရသော အမှားဖြစ်သည်။ သူတစ်ပါးကိုသာ အားကိုးခြင်းက နောင်တတရားနှင့်သာ အဆုံးသတ်ရစမြဲဖြစ်သည်။ မိမိဘ၀၏ တိုးတက်အောင်မြင်မှုကို သူတစ်ပါးထက် မိမိကသာ အလိုလား ဆုံးဖြစ်ပေသည်။ ပထမအရွယ်၊ ဒုတိယအရွယ်နှင့် တတိယအရွယ် အသီးသီး၌ ပညာရှာကြ၊ ဥစ္စာစီးပွားရှာကြ၊ တရားရှာကြနှင့် လူတိုင်းသည် မိမိ၏ဘ၀အတွက် အမြဲဖြည့်ဆည်းနေကြရသည်။ ဤသို့ကြိုးစားကြရာတွင် မိမိကိုယ်ကိုယုံကြည်အားကိုးသူတို့သာ ရာခိုင်နှုန်းပြည့်အောင်မြင်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် မသွားပါဘဲလျက် ရောက်သောခရီးသည်မရှိ၊ မကြည့်ပါလျက် မြင်နိုင်သော ဒြပ်ဝတ္ထုသည်မရှိ၊ ကြည့်လျှင်မြင်နိုင်ပါသည်။ တွေးလျှင် ထင်ရှားစွာ သိမြင်နိုင်ပါသည်။ မိမိကိုယ်ကိုအားမကိုးပါဘဲလျက် အောင်မြင်သူသည် မရှိနိုင်ချေ။ ထို့ကြောင့် အောင်မြင်မှုအပေါင်းကို ထည်ဝါစွာရယူရန်အတွက် “ မိမိကိုယ်သာကိုးကွယ်ရာ ̋  ဖြစ်ကြောင်းအခိုင်အမာဆိုချင်ပါတော့သည်။

ကိုးကားချက် - ဦးစန်းငွေစာအုပ်မှ
မူပေးမဲုင်းကောင်
Powered by Blogger.