Sunday, January 1, 2017

ငြိမ်းချမ်းရေးဆိုင်ရာနှင့် ပအိုဝ်းတစ်မျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)အဖြစ် အင်းလေးအနောက်ဖက်ခြမ်း၊ ဖယ်ခုံ၊ ပင်လောင်းနှင့်နောင်တရားဒေသ လူထုတွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်





၂၀၁၆၊ ဒီဇင်ဘာ(၃၁)ရက်၊ မနက် (၉)နာရီအချိန်  နောင်တရားမြို့နယ်(ခွဲ)ရှိ နောင်တရားဘုန်းတော်ကြီး ကျောင်းတွင် ပအိုဝ်းတစ်မျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကော်မတီမှ ဦးဆောင်ကာ ငြိမ်းချမ်းရေးဆိုင်ရာနှင့် ပအိုဝ်းတစ်မျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို)အနေဖြင့် အင်းလေး အနောက်ဖက်ခြမ်း၊ ဖယ်ခုံ၊ ပင်လောင်းနှင့်နောင်တရားမြို့ရှိ ဒေသခံ လူထုတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ၂၀-ရာစု ငြိမ်းချမ်းရေးဖြစ်စဉ်၊ ၂၁-ရာစု ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်မည့် အကြောင်းအရာများကို ဗိုလ်မှူးကြီး ခွန်သူရိန်၊ ဖြားခွန်ထွန်းရွှေ၊ ဆရာစောခွန်ကျော်ဝင်း တို့မှ ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တက်ရောက်လာသူများမှ မေးခွန်းမေးမြန်း ဆွေးနွေးအကြံပြုခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ရရှိလာသော အဖြေများအား တင်ပြခြင်းများ ကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကာ ပအိုဝ်းတစ်မျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် ဒေသခံလူထုကိုယ်စားလှယ်များ ရွေးချယ်ခြင်းအကြောင်းကိုလည်း ခွန်သောမတ်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။
ညနေ (၄း၃၀)နာရီအချိန်တွင် လူထုတွေ့ဆုံပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဤတွေ့ဆုံပွဲသို့ အင်းလေးအနောက်ဖက်ခြမ်း၊ ဖယ်ခုံ၊ ပင်လောင်း၊ နောင်တရား ဒေသအသီးသီးကိုယ်စားလှယ် (၂၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ


Powered by Blogger.