Monday, January 2, 2017

စိတ်ထားများပြုပြင်ကြပါစို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်


လောကတွင်လူအမျိုးမျိုး စိတ်အထွေထွေရှိကြရာဝယ် ရုပ်လှသည်ထက် စိတ်ထားလှရန် ပိုအရေးကြီးသည်ကို လူတိုင်းလက်ခံသဘောပေါက်ပြီး ဖြစ်ပေသည်။ မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် အရေးအရာများစွာတို့ကို နေ့စဉ်နှင့်အမျှဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်လူသားများ၏ စိတ်နေသဘောထား အမျိုးမျိုးတို့ကို တွေ့ကြုံရမည်မှာ မလွဲပေ။

မိမိတို့ပတ်ဝန်းကျင်တွင် လူပုဂ္ဂိုလ်နှစ်မျိုးနှစ်စားရှိသည်ကို အကြမ်းဖျင်းတင်ပြလိုပါသည်။ (၁) သဖန်းသီးနှင့်တူသောလူမျိုး၊ (၂) ပိန္နဲသီးနှင့်တူသောလူမျိုး တို့ဖြစ်ပါသည်။  သဖန်းသီးနှင့်တူသောလူမျိုးဆိုသည်မှာ သဖန်းသီးသည် အပြင်ပိုင်းတွင် စားချင်စဖွယ်အရောင်အဆင်းဖြင့် တင့်တယ်လှပသော်လည်း အတွင်းသဏ္ဍာန်မှာ စားသုံး၍မရပေ၊ ထို့အတူ ဆက်ဆံရေးနှင့်အပြုအမူများတွင် မိမိအပေါ် မိတ်ဆွေကောင်းဟန်ဆောင်သော်လည်း ထိုသူ၏စိတ်ထဲတွင် မိမိအပေါ်မည်ကဲ့သို့ချောက်တွန်းရမည်၊ မည်ကဲ့သို့ ဒုက္ခပေးရမည် စသည်ဖြင့် အစဉ်မကောင်းကြံတတ်ခြင်းဖြစ်ပါသည်။ မိမိရှေ့တွင် ကောင်းသယောင်နှင့် နောက်ကျောကို ဓားနှင့်ထိုးသည့် လူစားမျိုးဖြစ်ပါသည်။ ပိန္နဲသီးနှင့်တူသော လူစားမျိုးဆိုသည်မှာ ပိန္နဲသီးသည် အပြင်သဏ္ဍာန်တွင် ဆူးများဖြင့်ပြည့်နှက်၍ လှပမှုမရှိသော်လည်း အတွင်း၌မူ အရသာချိုမြိန်ပြီး လူတိုင်းနှစ်သက်ကြပါသည်။ ထို့အတူ ထိုလူစားမျိုးသည် သူတစ်ပါးအပေါ်ပြုမူဆက်ဆံရာ၌ နူးညံ့သိမ်မွေ့မှုမရှိသော်လည်း သူတစ်ပါးစိတ်ဆင်းရဲပြီး ဒုက္ခ ရောက်စေမည့်အလုပ်မျိုး ဘယ်သောအခါမှ မလုပ်သည့်အပြင် မိတ်ဆွေများအပေါ်တွင်လည်း နားလည်မှု စိတ်ထားအပြည့်ဖြင့် ကူညီရန်အသင့်ရှိသည့်လူစားမျိုးဖြစ်ပါသည်။ လောကတွင် လောကီကိစ္စရပ်၌သော် လည်းကောင်း၊ လောကုတ္တရာကိစ္စရပ်၌သော်လည်းကောင်း ပြီးမြောက်အောင်မြင်ရန်အတွက်  ပိန္နဲသီးနှင့်တူသောမိတ်ဆွေမျိုးရှိရန် အလွန်အရေးကြီးပါသည်။ လူတိုင်းသည် ရုပ်ရည်လှပရန် နေ့စဉ်နှင့်အမျှ ပြင်ဆင်မှုအမျိုးမျိုးဖြင့် ပြင်ဆင်ကြပါသော်လည်း စိတ်ထားလှရန်အတွက် ပြင်ဆင်ခြင်းတွင် မေ့လျော့နေတတ်သည်ကို တွေ့ရှိရပါသည်။

စိတ်ကောင်းရှိဖို့ စိတ်ထားလှဖို့သည်ပထမ ဆိုသည့်အတိုင်း လူတိုင်းမိမိ၏နှလုံးသားထဲတွင် မေတ္တာစိတ်အမြဲထုံမွမ်းနေသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ လူသားတို့၏သဘာဝသည် တန်းတူတွေ့လျှင် ပြိုင်လိုကြသည်။ မိမိထက်နှိမ့်ကျလျှင် နှိမ်လိုကြသည်။ မိမိထက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးများ တိုးတက်အောင်မြင်လျင် မနာလိုခြင်းများ ဖြစ်တတ်ပါသည်။ အမှန်စင်စစ်တွင် ထိုကဲ့သို့ မဖြစ်သင့်ပေ။ မိမိထက်နှိမ့်ကျသူကိုတွေ့လျှင် သနားညှာတာမှု ဂရုဏာစိတ်၊ မိမိထက်မြှင့်လျှင် ၀မ်းမြောက်မှု မုဒိတာစိတ်တို့ကို မွေးမြူတတ်ဖို့ရန် အရေးကြီးပါသည်။ သို့မှသာလျင် လူသားများ၏ အသိုင်းအ၀ိုင်းသည် နေချင်စဖွယ်ဖြင့် သာယာစိုပြေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 ခွန်ကျော်ထွန်း လွယ်မော်ပိုလီ

Powered by Blogger.