Saturday, January 21, 2017

နိုင်ငံရေးဆွေးနွေးပွဲတွင် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် ဒေသခံလူထုကိုယ်စားလှယ်ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်








မွန်ပြည်နယ်၊ သထုံမြို့၊ နောင်ကုလားအလယ်ရွာဘုန်းကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂၁) ရက်၊ နံနက် (၉း၃၀) အချိန်တွင် ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဖြားခွန်ရွှေသင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး NCA ပေါ်ပေါက်လာပုံနှင့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲ အသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်များကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊ စောခွန်ကျော်ဝင်း တို့က အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ (အကြို) သို့ တက်ရောက်လာသော ဒေသခံလူထုကိုယ်စားလှယ်များက မေးခွန်းမေးမြန်းဆွေးနွေးအကြံပြုခြင်းနှင့် အုပ်စုဖွဲ့ဆေးနွေးခြင်းများကို ကျင်းပပြုလုပ်ကာ ပအိုဝ်းတစ်မျိုသားလုံး  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လူထုကိုယ်စာလှယ်များ ရွေးချယ်ခြင်းအကြောင်းကိုလည်း ခွန်အောင်မျိုးသိန်းက ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံလူထုကိုယ်စားလှယ် (၁၅၀) ကျော်တက်ရောက်ကြောင်းသိရှိရပါသည်။
ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမြင်သေဘာထားနှင့် Panel Discussion အကြောင်းအရာ များကို ခွန်ဒါလီ၊ ခွန်အောင်မျိုးသိန်း၊ ခွန်တင်ရွှေဦး၊ နန်းသန်းသန်းဝင်း၊ နန်းယဉ်ယဉ်စိုး၊ ခွန်သက်မောင်မောင် တို့က ဆွေးနွေးပေးခဲ့ပြီး အမေးအဖြေကဏ္ဍများပြုလုပ်ခဲ့ကာ ဒေသခံ ဖြားခွန်သိန်းရွှေ ကနိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ “ဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) တွေ့ဆုံပွဲအနေဖြင့် သထုံဒေသမှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားများအားလုံးစုစည်းပြီး နိုင်ငံတော်ကချမှတ်ထားတဲ့ UPDJC မူဘောင်ပေါ်တွင် ကိုယ့်အမျိုးသားရေးအတွက် ပအိုဝ်းအမျိုးသားများ၏အရေးကို ဘာပြောမလဲ၊ ဘာဆွေးနွေးမလဲ၊ အမျိုးသားအခွင့်အရေးရရှိအောင်ဘယ်လိုအဆိုတင်သွင်းမလဲ၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး ဘယ်လိုအကြံပြုမလဲ ဆိုသည်ကို ဆွေးနွေးကြမှာဖြစ်ပြီး  အမျိုးသားများ အခွင့်အရေးရဖို့ တောင်းဆိုသည့်အပေါ်မှာလဲမူတည်ပါတယ်၊ အဲဒီအပေါ်မှာ ရနိုင်သည့်အခွင့်အရေးကတော့ UPDJC ကသတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ်မှာ နိုင်ငံတော်အတွက်အကျိုးမပြတ်စေတဲ့ကိစ္စမျိုးဆိုရင် အခွင့်အရေးတော့ရမှာပါ။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြီးပြင်ဆင်မယ် (သို့မဟုတ်) ပြင်မယ်ဆိုရင် အမျိုးသားရေးနှင့်ပတ်သက်ပြီးအခွင့်အရေးများ ရစရာရှိသည်များကို တင်ပြထားမယ်ဆိုရင် သူတို့ကပေးနိုင်သည်များကို ပေးမှာပါဟု ယုံကြည်ကြောင်း“ ဒေသခံလူထုကိုယ်စားလှယ် ဖြားခွန်သိန်းရွှေက ပြောကြားကြောင်းသိရှိရပါသည်။

ပျူခမ်းနင်း


Powered by Blogger.