Tuesday, January 17, 2017

ပအိုဝ်းလူမျိုးဂုဏ်ကိုမြှင့်မားလိုလျှင် သမိုင်းကြောင်းကို လက်ကိုင်စေချင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်


ဤဆောင်းပါးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ပအိုဝ်းလူမျိုးဟုဆိုသည့် လူကြီး၊ လူငယ်၊ လူရွယ်မရွေး မိမိတို့၏ သမိုင်းကြောင်းကို သိရှိပြီးသူများ အများအပြားရှိသလို  မသိနားမလည်သူများ ရှိနိုင်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် သမိုင်းကြောင်းကို သိရှိနိုင်ရန် ရည်ရွယ်၍ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။  “မြေမြိုရင် လူမျိုးမပြုတ် လူမြိုရင် လူမျိုးပြုတ်မည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း သမိုင်းကြောင်းကို မသိမဖြစ် သိရှိထားရမည်ဖြစ်သလို အခြားတိုင်းရင်းသားများနှင့်လည်း အပြန်အလှန်ဖလှယ် ပေးနိုင်ရန် အလွန်ပင် အရေးကြီးပါသည်။ ပအိုဝ်းလူမျိုးတို့သည်  မိမိတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများရှိသောကြောင့် အခြားတိုင်းရင်းသားများနှင့် အချင်းချင်းဖလှယ်နိုင်မှသာလျှင်  ခင်မင်ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။  မိမိတို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် နိုင်ငံရေး အခန်းကဏ္ဍတွင် မဖြစ်မနေ ပါဝင်ဆင်နွှဲရမည်ဖြစ်သောကြောင့် သမိုင်းကို အခြေခံပြီး လုပ်ဆောင်မှသာလျှင် အောင်မြင်မှုများကို ပိုမိုဆွတ်ခူးနိုင်မည်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

အများသိရှိထားပြီးဖြစ်သော ပအိုဝ်းလူမျိုးသည် အများအားဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် အများဆုံးနေထိုင်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသတို့တွင် လူဦးရေ အသင့်အတင့်ဖြင့် ပျံ့နှံ့စွာ နေထိုင်လျက်ရှိကြပါသည်။

သမိုင်းပညာရှင်များ၏ အယူအဆအရ  တောင်သူဟုခေါ်ဆိုသည့် ပအိုဝ်းတိုင်းရင်းသားသည် တိဗက်- မြန်မာအုပ်စုမှ ဆင်းသက်လာသည်ဟုဆိုပါသည်။  ဦးဘသန်း၏ ကျောင်းသုံး မြန်မာရာဇာဝင် စာမျက်နှာ ၂၃တွင်  “ဆာဂျွန်ဂျာဒင်းအလိုမှာ မွန်လူမျိုးတို့ မြိုပြတည်ထောင်ရန်အတွက် တောင်သူလူမျိုးကို နှင်ထုတ်ရသည်”ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။  သထုံမြို့ကား ယခုအခါ ပအိုဝ်းတိုင်းရင်းသားတို့၏ အချက်အချာကျသည့် ဒေသဟုလည်း ခေါ်ဆိုနိုင်ပါသည်။ သထုံရာဇ၀င်တွင်လည်း သထုံပြည်ကို တောင်သူဟုခေါ်သည့် ပအိုဝ်းလူမျိုးမင်းများ စိုးစံကြောင်း ဆိုသည်။ ဆာဂျွန်းဂျာဒင်းရဲ့ အယူအဆ လက်ခံရင် ပအိုဝ်းလူမျိုးတို့သည် မွန်လူမျိုးထက်စောပြီး ၀င်ရောက်လာသည်ကို ပြောဆို ယူဆနိုင်ပါသည်။

“မျက်နှာဖြူပညာရှင် ဆာဂျေဂျော့စကော့သည် ကရင်၊ ပအိုဝ်း၊ ရှမ်းစသည်တို့သည် တစ်မျိုးတစ်နွယ်တည်းဖြစ်သည်” ဟုလည်း ဆိုထားပါသည်။

“ပုဂံကျောက်စာတွင် တောင်သူလူမျိုးဆိုသည့် အရေးအသားကိုလည်း တွေ့ရပါသည်။ ပုဂံမြို့မင်း နန်းသူရွာတွင်ရှိသည့် လေးမျက်နှာဘုရား တံတိုင်းအတွင်းမှာ ကျောက်စာရှိပါသည်။ ၎င်းကျောက်စာကို သက္ကရာဇ် ၅၈၅ ခုတွင် ရေးထိုးထားခဲ့ပါသည်။ ကျောက်စာတွင်ပါသည့် ကျွန်စာရင်းတွေထဲမှ စာကြောင်းရေ (၄၃) တွင် “ပအိုဝ်းအိုးထိန်း” ဆိုပြီး တွေ့ရပါသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးသည် သက္ကရာဇ် ၅၈၅ ခုက တည်းက ရှိနေသည်ကို တွေ့ရပါသည်။ တိုင်းရင်းသားပေါင်းစုံ ပုဂံပြည်ကို တည်ထောင်ရာတွင် ပအိုဝ်းတိုင်းရင်းသားများ ပါဝင်ခဲ့သည်ကို သိနိုင်ပါသည်။

ဆက်လက်ပြီး ပအိုဝ်းလူမျိုးတို့၏ အမည်မှည့်ခေါ်ပုံ “ခွန်”နှင့် “နန်း” အကြောင်းကို ဖော်ပြသွားမည်ဖြစ်ပါသည်။ နာမည်မှည့်ခေါ်သည့်ဓလေ့သည် ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးတွင်မဆို ရှိကြပါသည်။ နာမည်ကို ကြည့်တာနှင့်  မည်သည့်လူမျိုးဖြစ်သည်ကို  သိနိုင်ကြပါသည်။ ထို့အတူ ပအိုဝ်းလူမျိုးသည်လည်း အမျိုးသား၏ နာမည့်ရှေ့တွင် “ခွန်” ဟုခေါ်ဆိုသည့် အကြောင်းရင်းမှာ “မွန်မြတ်သည့်အမျိုးအနွယ်မှ ပေါက်ဖွားဆင်းသက်လာသူ၊ ဇွဲသတ္တိရှိသူ၊ ယောကျာ်းကောင်းပီသသူ” ဟူ၍ ဂုဏ်ယူသည့် သဘောနဲ့ ထည့်ခေါ် ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ်ခေတ်တွင် “ခွန်” ဆိုသည့် ဝေါဟာရသည် မှူးမတ်အရာရှိ နယ်ပိုင်ရာထူးခံရှိသူ၏ အမည်ရှေ့တွင် ထည့်ခေါ်ကြသည်။ ထို့အတူ အမျိုးသမီးသည်လည်း “နန်း” ဟုထည့်ခေါ်ရခြင်းမှာ “မြင့်မြတ်သူ၊ နူးညံ့သိမ်မွေ့သူ၊ အိနြေ္ဒရှိသူ၊ တည်ငြိမ်သူ”ဟု အဓိပ္ပါယ်ဆောင်ပါသည်။ ဤသည်ပင် ပအိုဝ်းလူမျိုး၏ အမည်မှည့်ပုံ “ခွန်” နှင့် “နန်း” အကြောင်းပင်ဖြစ်ပါသည်။

ပအိုဝ်းလူမျိုး၏ ပဒေသရာဇ်စနစ် တော်လှန်ရေးအကြောင်းကို အနည်းအကျဉ်း ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။ အင်္ဂလိပ်တို့ ရှမ်းပြည်နယ်နှင့် အထက်မြန်မာပြည်ကို ရှေ့ဆင့်နောက်ဆင့် သိမ်းပိုက်လိုက်သည့်အချိန် ရှမ်းပြည်နယ်သည် ပြောင်းလဲမှု  တစ်စုံတစ်ရာ မရှိသေးပါ။ ရှေးပဒေသရာဇ်၏ နိုင်ငံရေး၊ စီးပွား ရေးစနစ်ကိုကြည့်ပါက ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်နယ်ပယ်များသည် စည်းလုံးညီညွတ်မှုမရှိသည့်အပြင် ရှမ်း(၉၉) မြို့ကို အုပ်စိုးသည့် ပဒေသရာဇ်နယ်ရှင်များသည် “သူတလူငါတမင်းနှင့် အုပ်စိုးသည့်စနစ်” ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် တစ်နယ်နှင့်တစ်နယ်ကူးလူးဆက်ဆံမှု အလွန်နည်းပါးသည်။ ပဒေသရာဇ်စီးပွားရေးစနစ်၏ အဓိကအင်္ဂါရပ်မှာ“ကိုယ့်ကိုယ်ကိုဖူလှုံမှုရှိခြင်းပင်” ဖြစ်ပါသည်။

တောင်သူလယ်သမားများသည် မိမိတို့၏ လယ်ယာထွက်ကုန်များထဲမှ ဆယ်ပုံတစ်ပုံကို ပဒေသ ရာဇ်အတွက် အခွန်ပေးဆောင်ရသည်။ ရရှိလာသည့် အခွန်ငွေကို ပြည်သူလူထုအတွက် အသုံးပြုခြင်း မရှိပါ။ ပဒေသရာဇ်၏ မှူးကြီးမတ်ရာဆီတွင်လည်း အလှည့်ကျ အခမဲ့ အလုပ်ကျွေးပြုရပါသေးသည်။ စစ်ထွက်ရာတွင်လည်း စစ်သည်တော်အဖြစ် လိုက်ပါရပါသည်။ ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများဟာ ပဒေသရာဇ်ရဲ့ တကယ့်ကျေးကျွန်အဖြစ် နေထိုင်ခဲ့ရပြီး တိုးတက်မှု တစ်စုံတစ်ရာ လုံးဝမရှိဘဲ ဖိနှိပ်မှုဒဏ်ကို ခံစားနေရပါသည်။ ပဒေသရာဇ်စနစ်၏ ဖိနှိပ်သွေးစုပ်မှု ရှိနေသမျှကာလပတ်လုံး ပြည်သူလူထုသည် တိုးတက်မှုမရှိဘဲ စနစ်ဆိုးကြီး၏ဒဏ်ကို ဆက်လက်ခံစားနေရမည်ဖြစ်သည်ကို နားလည်လာခဲ့ကြပါသည်။

ထိုအချိန်မှစ၍ ပြည်သူများ၏ ဦးတည်ချက်သည် ပဒေသရာဇ်စနစ်ကို တိုက်ရန်ဖြစ်ပါသည်။ ပဒေသရာဇ်စနစ်ကြီးထွားလာသည်နှင့်အမျှ ရှမ်းပြည်နယ်တွင်ရှိသည့် အဖွဲ့အစည်းပေါင်းစုံများလည်း ဖွဲ့စည်းအုပ် ချုပ်ပုံဥပဒေစာအုပ်ကိုကိုင်ပြီး ရှမ်းပြည်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အခွင့်အရေးညီမျှစွာ ခံစားနိုင်ရန်အတွက် ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ရမည်ဟု ကြွေးကြော်ကြပါသည်။ ဤသို့ ကြွေးကြော်နေကြသည့် လူငယ်နိုင်ငံရေးသမားများကို ပဒေသရာဇ်များက သုတ်သင်လိုက်ကြသည်။
 
ထိုအချိန်တွင် ပဒေသရာဇ်များကို ဆန့်ကျင်သည့်သူမှန်သမျှ မိမိတို့၏ အဖေ၊ အမေသာမက တစ်ဆွေတစ်မျိုးလုံးများကို ဖမ်းကြသည်။ အခွန်ငွေကို ပုံသေရရန်  ကြိုးစားလာကြသည်။ ပြည်သူလူထုများ၏ဆန္ဒကိုခံယူမှုမရှိဘဲ လူမျိုးစုလွှတ်တော်တွင် ၎င်းတို့၏ ဘက်တော်သားများကို ထည့်ကြသည်။ ပဒေသရာဇ်များသည် စည်းစိမ်ချမ်းသာမှုကို တပ်မက်ကြကာ ၎င်းတို့၏ သားသမီးများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်ပြီး အခွန်ငွေ ပိုမိုရရှိရန် တောင်သူလယ်သမားထံမှ ခေါင်းပုံဖြတ် ကောက်ခံလာခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားမှအပ ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်သောကြောင့် ပဒေသရာဇ်စနစ်ဆိုး၏ဒဏ်ကို အများဆုံးခံစားလာရသည်။ နောက်ဆုံးတွင် ပဒေသရာဇ်တို့ နှိပ်စက်ဒဏ်ကို လက်ပိုက်ကြည့်မနေနိုင်တော့သောကြောင့် ဖြားတန်ကောင်ခယ်မှ ဦးဆောင်ပြီးအနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းတိုင်းရင်းသားများသည်  ပဒေသရာဇ်ဒဏ်ကို ကာကွယ်ရန် ပြင်ဆင်လာခဲ့ကြသည်။  ထိုအချိန်တွင် ပဒေသရာဇ်တို့သည် ပင်လုံနယ်တွင်ရှိသည့် ဟွေးဟွမ်းရွာကို မီးရှို့သည့်အတွက် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ခြင်းမရှိတော့ဘဲ ဖြားတန်ကောင်ခယ်မှ ဦးဆောင်ပြီး စတင်တော်လှန်ခဲ့ပါသည်။ ထို့ကြောင့် ပဒေသရာဇ်တော်လှန်ရေးကို ကောင်ခယ်တွင် စတင်သည်ဟု ဆိုကြပါသည်။

ပဒေသရာဇ်စနစ်တော်လှန်ရေးဆိုသည်မှာ လူပုဂ္ဂိုလ်ကို တော်လှန်ခြင်း မဟုတ်ဘဲ စနစ်ဆိုးကြီးကို တော်လှန်ခြင်းဖြစ်သည်ဟု ဖြားတန်ကောင်ခယ်က ဆိုခဲ့ပါသည်။ ပဒေသရာဇ်တော်လှန်ရာတွင် ပအိုဝ်းများ သာမက ရှမ်းပြည်နယ်ရှိ ပလောင်၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ အင်းသား စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံလည်း ပါဝင်သည်။ ထို့အတူ ဆီဆိုင်မြို့နယ်ဘက်တွင်လည်း ပုဂ္ဂိုလ် (၄) ဦးက ဦးဆောင်ပြီး ၁၉၄၉ ခုနှစ် ဒီဇင်လာလ(၁၁) ရက်နေ့တွင် ဆီဆိုင်မြို့နယ်ရှိ လွယ်ပွတ်ရွာ အရှေ့ဘက်တွင်ရှိသည့် ထီတကောင်ရွာတွင် အစည်းအဝေးပြုလုပ်ပြီး ပဒေသရာဇ်စနစ်ကို တော်လှန်ရန် ဆုံးဖြတ်ကြသည်။ ထိုအချိန်မှစ၍ ပဒေသရာဇ် စနစ်တော်လှန်ရေးသည် တဖြေးဖြေးကျယ်ပြန့်လာပါသည်။

ပဒေသရာဇ်စနစ်ကို ပအိုဝ်းတိုင်းရင်းသားမတော်လှန်ခင် ‘ရ- ပ- လ’ အဖွဲ့က ဦးတည်ချက်မမှန်သည့်အတွက် တော်လှန်ရေး မအောင်မြင်ခဲ့ပါ။ ဖြားတန်ကောင်ခယ်ဦးဆောင်သည့် ပဒေသရာဇ်စနစ်တော်လှန်ရေး အားကောင်းလာသည်နှင့်အမျှ  ဖြားတန်းကောင်ခယ်အား ဖမ်းဆီးနိုင်သူကို ပဒေသရာဇ်များမှ ဆုတော်ငွေ ကျပ် (၅၀၀)မှ နောက်ဆုံး (၅၀၀၀) ထိ ချီးမြှင့်မည်ဟု ကြေငြာသည်ကို  ဖြားတန်ကောင်ခယ် မှကြားပြီး “ငါ့ဦးခေါင်းဟာ ငါအသက်ကြီးလေ တန်ဖိုးကြီးလေပဲ”ဟု ဆိုပြီး ဟစ်ကြွေးခဲ့ပါသည်။

တနေ့တွင် ဖြားတန်ကောင်ခယ်ဦးဆောင်သည့် လူ(၃၂)ဦးသည် တုတ်များ၊ ဓါးများကိုင်ပြီး ပင်လုံ ဈေးဘက်သို့ ထွက်လာခဲ့ပါသည်။ ဈေးသို့ရောက်သောအခါ အခွန်ငွေကို ကောက်ခံနေသည့် ပဒေသရာဇ် ဟိန်ထွန်းကို  ဓါးဖြင့်ခုတ်လိုက်ပြီး လက်တဘက်ပြတ်သွားသည့် သတင်းကို လွိုင်လင်ဝန်ထောက်က ကြားကာ ဖြားတန်ကောင်ခယ်အဖွဲ့ကို လာရောက်တောင်းပန်ပါသည်။ တောင်ပန်း၍ မရသည့်အခါ နှင်ထုတ် လိုက်ပါသည်။ နယ်ရှင်ပဒေသရာဇ်များမှလည်း စော်ဘွားများကောင်စီကို တိုင်ပင်ပြီး ပအိုဝ်းတိုင်းရင်းသားများ နိုင်ငံတော်ကို ပုန်ကန်သည်ဟုဆိုပြီး တရားစွဲဆိုပါသည်။  အခြေအနေအရ ပိုပိုဆိုးရွားလာသဖြင့် အင်္ဂလိပ်အစိုးရထံ စစ်ကူတောင်းလိုက်ကာ အင်္ဂလိပ်အစိုးရမှလည်း ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် စစ်သား(၅၀၀)  ပို့ပေးလိုက်ပြီး ပအိုဝ်းတိုင်းရင်းသားများသည် အင်အားမျှတမှု မရှိသဖြင့် ခေါင်းဆောင်လုပ် သူများမှ ဖမ်းဆီးခြင်း ခံလိုက်ရပါသည်။

ထိုအချိန်တွင် ပအိုဝ်းတိုင်းရင်းသားဖြစ်သည့် ဆီဆိုင်မြို့စား စ၀်ခွန်ကြည်သည် ခေါင်းဆောင်များကို အပြစ်မပေးဖို့ တောင်းပန်ပါသည်။ ဤသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ အခွန်ငွေကို တောင်းသင့်မတောင်း သင့် မချင့်ချိန်သည့်အတွက် ထောက်ပြသွားခြင်း ဖြစ်ပါသည်။  ပဒေသရာဇ်များသည် မိမိတို့၏ အမှားများကို ၀န်ခံခဲ့ခြင်းမရှိသည့်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေထဲမှ ပုဒ်မ (၁၀) ကို ထုတ်လိုက်ပါသည်။ ပုဒ်မ(၁၀) တွင် မည်သူမဆို ပဒေသရာဇ်ကို အသိမပေးဘဲ ဟောပြောလှုံ့ဆော်ရင် ရှမ်းပြည်နယ်မှ ထွက်သွားရမည် ဆိုသည့် ပုဒ်မဖြစ်ပါသည်။ တော်လှန်ရေးတွင်  မြို့ပေါ်နေ ပအိုဝ်းတိုင်းရင်းသားသည်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ခဲ့ကြပါသည်။

ပဒေသရာဇ်စနစ်တော်လှန်ရာတွင် လူပုဂ္ဂိုလ်သာမက ရဟန်းသံဃာများလည်း ပါဝင်ပါသည်။ ဤ သည်ပင် ပအိုဝ်းတိုင်းရင်းသားတို့၏ တော်လှန်ရေးသမိုင်းပင်ဖြစ်ပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရန် အခြားတိုင်းရင်းသားလူမျိုးများနှင့် အတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် ရှမ်းပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်လာခဲ့ပါသည်။ စစ်ပြီးသောကာလတွင် စော်ဘွားများမှ ပထမအကြိမ် ပဒေသရာဇ် ကောင်စီအစည်းအဝေး သဘောမျိုးသက်ရောက်သည့် ပထမပင်လုံညီလာခံအစည်းအဝေးကို တောင်ကြီးမြို့တွင် ပဒေသရာဇ်ကောင်စီခန်းမဆောင် ယခုပြည်နယ်ကောင်စီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ စော်ဘွားများ၏ ကောင်စီအဖွဲ့ကို တရားဝင်ဖွဲ့စည်းခဲ့ကြပါသည်။ အလုပ်အမှုဆောင်အဖွဲ့များကိုလည်း ၎င်းတို့အချင်းချင်း မဲပေးပြီး ရွေးချယ်ခဲ့ပါသည်။  ကောင်စီအစည်းအဝေးကို တောင်ကြီးမြို့တွင် ရှိသည့် ညောင်ရွှေဟော်တွင်ပြုလုပ်ခဲ့ပါသည်။ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ချုပ်တွင် ပအိုဝ်းတိုင်းရင်းသားဖြစ်သည့် သထုံကလေး (ဆီဆိုင်) မြို့စား စ၀်ခွန်ကြည်သည် အလုပ်အမှုဆောင်အဖွဲ့တွင်ပါဝင်သည်။

အင်္ဂလိပ်တို့သည် နယ်ခြားဒေသ  ပြည်နယ်တောင်တန်းသားနှင့် ရှမ်းပြည်နယ် ပူးပေါင်းပါက အင်အားကြီးလာမည်ကို စိုးရိမ်ကြသည်။ စော်ဘွားများသည် မြန်မာပြည်မကို လွတ်လပ်ရေးပေးပါက ရှမ်းပြည်နယ်သည်လည်း ပြည်မထက် မနိမ့်သော အုပ်ချုပ်ရေးကို ပေးရမည်ဟု တောင်းဆိုခဲ့ကြသည်။ ဤသည်ကို  နယ်ခြားဒေသအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးဝန်က လက်မခံသောကြောင့်  မိုင်းပွန်စော်ဘွား၊ စ၀်စံထွန်းနှင့် စ၀်ခွန်ကြည်တို့ ပြန်လည်ငြင်းဆိုခဲ့ပါသည်။ ပအိုဝ်းတိုင်းရင်းသားဖြစ်သည့် ဆီဆိုင်မြို့စား စ၀်ခွန်ကြည်သည် မြန်မာပြည်လွတ်လပ်ရေးရရန် ပါဝင်ကြိုးစားခဲ့သူဖြစ်ပါသည်။

ထိုအချိန်တွင် အင်္ဂလိပ်တို့သည် ရှမ်းပြည်နယ်ကို သီးခြားစီခွဲရန် မရမှန်း သိသည့်အတွက် လွတ်လပ်ရေးကိုပေးရန် ပြင်ဆင်ကြသည်။ လွတ်လပ်ရေးအတွက် ပင်လုံညီလာခံကို ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီ(၃) ရက် တွင် ကျင်းပပြီး ပအိုဝ်းတိုင်းရင်းသား ဦးလှဖေကြီးမှ တက်ရောက်ခဲ့ပါသည်။ လွတ်လပ်ရေးတိုက်ပွဲအင်အား တွင် ပအိုဝ်းခေါင်းဆောင်များ ပါဝင်ကြိုးပမ်းခဲ့ပါသည်။  ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင်လည်း ပအိုဝ်းတိုင်းရင်း သားဖြစ်သည့် ဦးထွန်းရင်လော ပါဝင်ခဲ့သည်။

လွတ်လပ်ရေးအတွက် ပင်လုံကို ချီတက်ရာတွင် ဦးထွန်းရင်လော ဦးဆောင်ပြီး ကျောင်းသား/သူ များ ပါဝင်ချီတက်ခဲ့ပါသည်။  ပအိုဝ်းအမျိုးသား /သမီးများလည်း အင်အားပြပြီး ပါဝင်ချီတက်ခဲ့ပါသည်။  လွတ်လပ်ရေးနေ့သည် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ပင်လုံ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်စော်ဘွားကော်မတီမှ ပအိုဝ်းတိုင်းရင်းသားဦးဖြူသည် ဆီဆိုင်မြို့စား စ၀်ခွန်ကြည်ကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် လည်း ပအိုဝ်းတိုင်းရင်းသားများ တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ကြိုးပမ်းခဲ့ကြောင်း သိရှိရပါသည်။
 
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ပဒေသရာဇ်စနစ်တော်လှန်ရေးနေ့ဖြစ်သည့် ဒီဇင် ဘာလ(၁၁) ရက်နေ့သည်  မမေ့သင့် မမေ့ထိုက်သည့် နေ့ကောင်းနေ့မြတ်တစ်နေ့ဖြစ်ပြီး သမိုင်းတွင် ထူး ခြားပြောင်မြောက်သည့် တော်လှန်ရေးတစ်ရပ်ဖြစ်ခြင်းနှင့် လွတ်လပ်ရေးရရန် ပါဝင်ကြိုးပမ်းခြင်းတို့ကြောင့် မိမိတို့၏လူမျိုးဂုဏ်ကို တိုးတက်မြှင့်မားစေပါသည်။ ခေတ်အဆက်ဆက်မှ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုကြောင့်  ပအိုဝ်းတိုင်းရင်းသားတို့သည် ယနေ့အချိန်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပြီး ကျန်ရှိနေသေးသည် ကာလတွင်လည်း   မိမိလူမျိုးဂုဏ်ကိုထပ်မံမြှင့်တင်နိုင်ရန်နှင့်  ရေရှည်တည်တံ့နိုင်ရန် အတွက် သမိုင်းကြောင်းကို မဖြစ်မနေ လူတိုင်းလေ့လာ သိရှိထားရန်လိုအပ်ပါသည်။ “သမိုင်းမရှိသည့် လူမျိုးသည် ရေရှည်တည်တံ့မည်မဟုတ်” ဆိုသည့်စကားလုံးအတိုင်း သိရှိပြီးသော မိမိတို့၏လူမျိုး သမိုင်းကြောင်းကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေသွားရန်နှင့် ဆက်လက်ထိန်းသိမ်းသွားရန် အရေးကြီးကြောင်း လူတိုင်းတွင် တာဝန်အပြည့်ရှိပါကြောင်း နိဂုံးချုပ်အနေဖြင့် ရေးသားတင်ပြအပ်ပါသည်။

ကိုးကား။ ။ ပအိုဝ်းသွေးချင်းညီနောင်ရင်း  
နန်းအွဉ်ရက်ခွို,
 ခမ်းစန္တား

Powered by Blogger.