Thursday, January 19, 2017

အောင်ပန်းဒေသ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်



ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၁၉) ရက်၊ နံနက် (၉း၃၀) အချိန်တွင် ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဒု-ဥက္ကဌ ဖြားခွန်သူရိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို ဘာကြောင့်ပေါ်ပေါက်လာရသလဲ၊ ပအိုဝ်းအမျိုးသားများ ဘာကြောင့် ပအိုဝ်းတစ်မျိုးသားလုံး နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရသလဲဆိုသည်ကို  အကျယ်တ၀င့်ပြောကြားခဲ့ပြီး NCA ပေါ်ပေါက်လာပုံနှင့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ အသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်များကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊ ခွန်ဆောင်းရွှေ တို့က အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ (အကြို) သို့ တက်ရောက်လာသော လူထုကိုယ်စာလှယ်များက မေးခွန်းမေးမြန်းဆွေးနွေးအကြံပြုခြင်းနှင့် အုပ်စုဖွဲ့ဆေးနွေးခြင်းများကို ကျင်းပပြုလုပ်ကာ ပအိုဝ်းတစ်မျိုသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လူထုကိုယ်စာလှယ်များ ရွေးချယ်ခြင်းအကြောင်းကိုလည်း ခွန်ဆောင်းရွှေနှင့် ခွန်အောင်နိုင်တို့မှ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံလူထုကိုယ်စားလှယ် (၂၆၀)ကျော် တက်ရောက်ကြောင်းသိရှိရပါသည်။
ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမြင်သေဘာထားနှင့် Panel Discussion အကြောင်းအရာများကို စောခွန်ကျော်ဝင်း၊ ခွန်သောမတ်၊ ခွန်ကျော်ဆွေ၊ နန်းခမ်ဗွာ၊ နန်းခမ်းရီ တို့ကဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍများပြုလုပ်ခဲ့ကာ ဒေသခံ ဖြားခွန်သူတော် ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ “ယခုလို ပအိုဝ်းတစ်မျိုးသားလုံး နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသခံများ၊ ပြည်သူလူထုများ ငြိမ်းချမ်းရေးအကြောင်းကို ပိုမိုသဘောပေါက်နားလည်နိုင်ရန်အတွက် လာရောက်ဟောပြောပေးသည်ကို အများဝမ်းသာကြည်နူးကြပါကြောင်း၊ ပအိုဝ်းအမျိုးသားများအားလုံး တစ်စုတစ်စည်းတည်းဖြစ်နိုင်အောင်  အရင်က နိုင်ငံရေးအခွင့်အရေးများကို မရရှိသည့်အတွက် ယခုတစ်ခါ ပအိုဝ်းအမျိုးသားများအခွင့်အရေးရရှိနိုင်ရန် တစ်စုတစ်စည်း ညီညီညွှတ်ညွှတ်နှင့် တိုင်ပင်ဆွေနွေးပေးကြပါရန် ပြောကြားကြောင်း“ ဒေသခံလူထုကိုယ်စားလှယ် ခွန်သန်းမောင် (ခ) ခွန်ပေါလိုင်းက ပြောကြားကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်

Powered by Blogger.