Thursday, January 19, 2017

နောင်တရားဒေသနှင့် ဟဲဟိုးဒေသမှ စိုက်ပျိုးထားသော carolus အာလူးကို မန္တလေး အာလူးကြော်စက်ရုံက ၀ယ်ယူရန်ရှိနေ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ နောင်တရားဒေသနှင့် ဟဲဟိုးဒေသ၌ စိုက်ပျိုးထားသော နယ်သာလန်နိုင်ငံမျိုးဆက် ကာရိုးလက်(စ်)(carolus)အာလူးကို မန္တလေးအာလူးကြော် စက်ရုံက ၀ယ်ယူရန်ရှိကြောင်း စန္တားခမ်း(နောင်တရား) အာလူးအသင်းမှ အတွင်းရေးမှူးဦးခွန်ဆန်းဦးထံတွင်  သိရှိရပါသည်။

အဆိုပါ မန္တလေး အာလူးကြော်စက်ရုံသည် ဟဲဟိုးအာလူးအသင်းမှ ပေးပို့သော carolus အာလူးများကို စမ်းသပ်ပြုလုပ်ရာတွင် အဆင်ပြေမှုရှိကြောင်း၊ carolus အာလူးများမှာ ထူးကဲသော အရသာရှိကြောင်းနှင့် ထပ်မံပေးပို့ပါရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

နောင်တရားအာလူးအသင်းမှ အတွင်းရေးမှူးဦးခွန်ဆန်းဦးက “ ကျွန်တော်တို့ တစ်ရက်ကို ၁၀တန် လောက် ကုန်ကြမ်းလိုတယ်၊ လောလောဆယ် ကျွန်တော်တို့က ကုန်ကြမ်းမပေးနိုင်သေးဘူး၊ ဒါကြောင့် လာမည့် နောက်အပတ်မှာ ကျွန်တော်တို့ အာလူးအသင်းနဲ့ သူတို့ကို တွေ့ဆုံဆွေးနွေးသွားမည်” ဟု ပြောထားပါသည်။

စန္တားခမ်း(နောင်တရား)အာလူးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပအိုဝ်းဒေသ အာလူး ဈေးကွက်များရှာဖွေနိုင်ရန်၊ လက်မှုစနစ်မှ စက်မှုစနစ်သို့ ပြောင်းလဲနိုင်ရန်၊ အာလူးကုန်ကြမ်းမှ ကုန်ချောသို့ ပြောင်းလဲနိုင်ရန် နှင့် အာလူးထုတ်ကုန်မြှင့်တင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံခြား သို့တင်ပို့နိုင်ရန် နယ်သာလန်နိုင်ငံမှ carolus အာလူးအမျိုးအစားများကို နောင်တရားဒေသနှင့် ဟဲဟိုးဒေသတွင်များစွာ စမ်းသပ် စိုက်ပျိုးထားကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.