Tuesday, January 10, 2017

လူတိုင်းအကျုံးဝင် ပညာရေးလုပ်ငန်း(Inclusive Education System- I-E)

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်


“လူတိုင်းအကျုံးဝင်ပညာရေးလုပ်ငန်း” ဟူသည်မှာအကြောင်းအမျိုးမျိုးကြောင့် ပင်မပညာရေးကျောင်းများ (Mainstream Schools) တွင် တက်ရောက်ပညာသင်ယူခွင့် ဆုံးရှုံးနေသော (Excluded) ကလေးများအားပညာသင်ယူခွင့် (Inclusion) ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးနေသည့် ပညာရေးမူဝါဒတစ်ခု ဖြစ်ပါသည်။

ယခင်ကရှိနှင့်ပြီးသားပညာရေးစနစ်များဖြစ်သည့် “ အထူးပညာရေးစနစ် ” (Special Education System)၊ “ရောယှက်ပညာရေးစနစ်” (Integrated Education System)၊ များကဆင်းရဲသည့်ကလေးများကို ကလေးဘ၀မှစပြီး အခြားကလေးများနှင့် အရောဝင်ခွင့်မရနိုင်အောင် ခွဲခြားပေးထားသောကြောင့် ထိုကလေးများ ကြီးလာသည့်အခါ လူ့အဖွဲ့အစည်းအတွင်းအကျုံးမ၀င် ဖြစ်နေရပါသည်။ ထို့ကြောင့် ယခင်ကရှိနှင့်ပြီးပညာရေးစနစ်မှာလမ်းလွှဲပေးထားသည့် ပညာရေးစနစ်များ ဖြစ်နေပါသည်။ထို့ကြောင့် ဖော်ပြပါ ပညာရေးစနစ်များသည် ဆင်းရဲနွမ်းပါးသူများ အပါအ၀င် အခြားပင်မပညာရေးကျောင်းများတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေရသူများ (Excluded Groups) ကိုအကျိုးပြုသင့်သလောက် မပြုနိုင်ပါ။ ထို့ကြောင့် “လူတိုင်းအကျုံးဝင်သည့် ပညာရေး” ကသာလျှင် အမှန်တကယ် အကျိုးပြုနိုင်မည်ဟု ထောက်ပြတောင်းဆိုလာကြပါသည်။

ကျောင်းသို့ရောက်လာသောကျောင်းသားတစ်ဦးချင်း၏ မတူညီကွဲပြားမှုများဥပမာ - ကျားမ၊ ဆင်းရဲချမ်းသာ၊ လူတော်လူညံ့၊ သန်စွမ်းမသန်စွမ်းစသည်များကိုလက်ခံပြီးတစ်ဦးချင်းစီ၏ လိုအပ်နေသော ပညာရည်နို့သောက်သုံးနိုင်မှု အတိုင်းအတာအတိုင်းကလေးတိုင်းအားတိုက်ကြွေးနိုင်ရန် လူတိုင်းအကျုံး ၀င်ပညာရေးလုပ်ငန်းစဉ်က ရည်ရွယ်ထားပါသည်။

နည်းမျိုးစုံဖြင့် ချို့ယွင်းအားနည်းမှုရှိနေကြသော “ ဆင်းရဲနွမ်းပါးသောကလေးများ ” ပင်မကျောင်းများတွင် အခြားကလေးများနည်းတူပညာသင်ကြားနိုင်ရန်အတွက် သူတို့ကိုယ်တိုင်ကပညာကိုလိုလိုလားလားယူချင် လာအောင် မိသားစုဝင်များ၊ ပင်မပညာရေးကျောင်းများကသင်ယူရန်၊ အသုံးပြုရန်လိုအပ်သောအချက်များအားလုံးကိုအဆင်ပြေအောင် ပြင်ဆင်ထားရန်လိုအပ်ပါသည်။

ဆင်းရဲနွမ်းပါးသည့် ကလေးများအား ငယ်စဉ်ကလေးဘ၀မှစပြီး အခြားကလေးများနှင့် အတူရောနှော နေထိုင်စေခြင်းအားဖြင့် ကြီးလားသည့်အခါ လူအဖွဲ့အစည်းအတွင်းလွယ်ကူစွာ ၀င်ဆံ့ကျင်လည် အကျုံးဝင်လာနိုင်မည် ဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးသည့်ကလေးများအတွက် ပညာရေး၏ ရည်မှန်းချက်ပန်းတိုင်သည် အတန်းပညာရပြီးဘွဲ့ရရန်၊ ကျွမ်းကျင်သူများဖြစ်လာရန်ထက် လူသားတစ်ဦးအနေဖြင့် လူမှုအသိုက်အ၀န်းတွင် ကျင်လည်ရာ၌ သိသင့် သိထိုက်သောအချက်များကိုသိရှိတတ်ကျွမ်းရန်နှင့် ထိုအရာများနှင့် ရင်းနှီးရန် စသည်များကိုအလေးထားသင်ယူရန် လိုအပ်ပါသည်။

လူသားတစ်ဦးအဘယ်ကြောင့် ပညာသင်ယူရန် လိုအပ်သနည်းဆိုသော် ထိုလူသားသည် လူသားဆန်ဆန်အသက်ရှင်နိုင်ရေးအတွက်လိုအပ်သောအသိပညာများရယူရန်နှင့် သူနေထိုင်ရာလူ့အသိုက်အ၀န်းတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်အကျိုးပြုနိုင်သူတစ်နည်းအားဖြင့် သူနေထိုင်ရာလူ့ အသိုက်အ၀န်းတွင် တာဝန်ကျေပွန်သောသူ ဖြစ်လာရန် တို့ဖြစ်သည်ဟုနားလည်အပ်ပါသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသူများအတွက် လိုအပ်သောပညာရေးသည် အတန်းပညာရရေးအတွက် ကျဉ်းမြောင်းစွာမခံယူမိဖို့လိုပါသည်။ အတန်းပညာရရေးခံယူမိပါကဆင်းရဲသူများသည် ကျောင်းတက်ရန် မလိုအပ်သူများဟုထင်စရာရှိလာပါမည်။ အရေးကြီးသည်မှာ “ ပညာသင်ယူခွင့် ”သည် လူသားတစ်ဦးချင်းစီ၏ “မွေးရာပါ အခြေခံလူ့အခွင့်အရေး ” တစ်ခုဖြစ်ပါသည်။

သင်ယူနိုင်စွမ်းရည် (သို့) ဥာဏ်ရည် အနိမ့်အမြင့်ပေါ်မူတည်ပြီး “ ပညာသင်ရန် ” လိုအပ်မလိုအပ် ဆုံးဖြတ်၍ ဆောင်ရွက်ပေးရမည့်  “ ၀န်ဆောင်မှု ” မဟုတ်ပါ။ တစ်နည်းအားဖြင့် ကလေးတစ်ယောက်ကိုသင်ယူမှုစွမ်းရည်မရှိ၊ အိုင်ကျူ အဆင့်သုည ဖြစ်သောကြောင့် ပညာသင်ယူစရာမလိုဟု သတ်မှတ်၍မရပါ။ ပညာသင်ယူခွင့်မှာ လူသားတိုင်းရရှိခံစားသင့်သော မွေးရာပါအခွင့်အရေးတစ်ခုဖြစ်သောကြောင့် ထိုကလေးအားသူနှင့် သင့်တော်သော “ ပညာသင်ယူခွင့်” ကိုပေးရပါမည်ဟုတင်ပြအပ်ပါသည်။

ကိုးကား - အသိပညာပေးလက်စွဲစာအုပ်
ခွန်သရာခံ(သီးသဲင်း)

Powered by Blogger.