Tuesday, April 11, 2017

ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ တက်ရောက်အမှာစကား ပြောကြား

 တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၁) ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ၂၀၁၇ခုနှစ်၊ ဧပြီလ(၁၀)ရက်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နောင်ကျော့ကျေးရွာအုပ်စု၊ ရေဖြူရွာတွင် ကျင်းပပြုလုပ်သော (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ကယန်းအမျိုးသားနေ့သို့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်းအေးမောင်နှင့် ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဗဟိုကော်မတီ ဥက္ကဌ၊ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဦးရှာမူအေးလာတို့က အသီးသီး တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ကယန်းအမျိုးသားနေ့၌ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်မှ အမှာစကားပြောကြားရာတွင် ဒီကနေ့သည် ကယန်းတိုင်းရင်းသားများ၏ အမျိုးသားနေ့ဖြစ်သောကြောင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ပင် ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းကြောင်းအရ လွတ်လပ်ရေးရပြီးချိန်ကတည်းက မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပဋိပက္ခများကို အခြေခံသော တိုက်ခတ်မှုများမှတစ်ဆင့် ခါးသီးသော အတွေ့အကြုံများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ ပဋိပက္ခများ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရသည်ကို ပြန်လည်သင်ခန်းစာယူပြီး ပဋိပက္ခချုပ်ငြိမ်း ရန်နှင့် နိုင်ငံတော်အတွင်း တိုင်းရင်းသားအားလုံး အတူတကွ ယှဉ်တွဲ နေထိုင်ရန် လက်တွဲဖော်ဆောင်ရမည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး နှစ်ပေါင်းကြာရှည် စွာ မျှော်လင့်တောင်းတခဲ့ကြသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြည်ပေးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။ ။
ထို့ပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုပြီး လိုက်လျောညီထွေရှိစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘ၀အဆင့်အတန်းတိုးတက်မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုပေါ် မိမိတို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် တည်ရှိနေပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိမိတို့ညီနောင် ကယန်းတိုင်းရင်းသားများ စုစုပေါင်း လူဦးရေ(၅၀၀၀)၀န်းကျင်း နေထိုင်လျက်ရှိကာ တိုင်းရင်းသား မျိုးနွယ်စုပေါင်း(၁၈)မျိုးအနက် ပဉ္စမအများဆုံး လူမျိုးဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)၊ ပုဒ်မ-၅၆အရ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့ကို ပအိုဝ်းကိုယ့်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိ အမှတ်ပြုပေးခဲ့သော်လည်း ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ၊ အေးအတူပူအမျှ အတူတကွ ပူးပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် မိမိတို့ မှတ်ယူထားပါကြောင်း။ ။
မိမိတို့ ဒေသဦးစီးအဖွဲ့အနေဖြင့် တာဝန်ယူနေသော ယခုအချိန်ကာလတွင် ဒေသတွင်းရှိ တိုင်းရင်းသား လူမျိုးစုအားလုံး၏ အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တောရောမြို့ပါမကျန် တပြေးညီဖွံ့ဖြိုးတိုးတက်အောင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများကို မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းစေလိုကြောင်း၊ လူမျိုးစုတစ်စုနှင့်တစ်စု အေးအတူ ပူအမျှ စည်းစည်းလုံးလုံးနှင့် လက်တွဲနေထိုင် ကြစေလိုကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေး(၃)ပါးနှင့်အညီ ပြုမူနေထိုင်စေလိုကြောင်း တိုက်တွန်း အမှာစကားပြောကြားခဲ့ပါသည်။ ယနေ့ပြုလုပ်သော ကယန်းအမျိုးသားနေ့တွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ ကယန်းတစ်မျိုးသားလုံး ရှေ့လုပ်ငန်းစဉ်များတင်ပြခြင်း၊ ကယန်းအမျိုးသားနေ့ကို ဂုဏ်ပြုသော အားဖြင့် ရိုးရာပုလွေမှုတ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်း၊ ဘာသာရေးမဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိသူများ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးပါသူများ၊ တိုင်းရင်းဆေး တက္ကသိုလ် တက်ရောက်နေသူများ၊ အားကစားထူးချွန်သူများ၊ ကွန်ပျူတာသုံး ကယန်း (Fonts) တီထွင်သူများ၊ ကယန်းအဘိဓာန်ပြုစုသူများနှင့် ကယန်းဓာတ်ပုံပညာရှင်များ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကယန်းလူမျိုးတွင် ကယန်းလထာ၊ ကယန်းကဒေါင်း၊ ကယန်းကငံနှင့် ကယန်းခဒေါ့ စသည့် မျိုးနွယ်စု(၄)စု ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့တွင် နေထိုင်ကြကာ လူဦးရေအားဖြင့် (၂)သိန်းကျော်ခန့်ရှိကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.