Tuesday, April 11, 2017

ပင်လောင်း၊ နောင်တရား၊ ဖယ်ခုံမြို့နယ်များဆိုင်ရာ ပအိုဝ်းစာပေပြန့်ပွားရေး သံဃာတော်များဦးစီးပြုလုပ်သော ပအိုဝ်းစာပေ အဖြေလွှာစာစစ်အောင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၁) ရက်




(၃၃)ကြိမ်မြောက် ပင်လောင်း၊ နောင်တရား၊ ဖယ်ခုံမြို့နယ်များဆိုင်ရာ ပအိုဝ်းစာပေ အဖြေလွှာ စစ်ဆေးခြင်းကို စန္တာခမ်း ပအိုဝ်းစာပေပြန့်ပွားရေး သံဃာအဖွဲ့မှ ဦးစီး၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ရင်းမှီးဒေသ၊ ရင်းမှီးကျောင်းတိုက်တွင် ၂၀၁၇၊ ဧပြီ (၆)ရက်မှ (၁၀)ရက်ထိ ပြုလုပ်ခဲ့ပါသည်။ ဧပြီ(၉)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ လက်ရှိနိုင်ငံရေးအခြေနေ၊ လွှတ်တော်ရေးရာနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်းများ၊ PWO -အဖွဲ့မှ အတွင်းရေးမှူးဖြစ်သည့် မွိုးရီမှ အားပေးစကားများ အသီးသီး လာရောက်ပြောကြားခဲ့ပါသည်။
တက်ရောက်လာသည့် စာစစ်အဖွဲ့နှင့် ပအိုဝ်းလူငယ်များမှ မေးမြန်းသည့်မေးခွန်းများကိုလည်း တာဝန်ရှိပုဂ္ဂိုလ်များ ဖြေကြားရှင်းလင်းခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)အဖွဲ့တို့မှ စန္တာခမ်း ပအိုဝ်းစာပေပြန့်ပွားရေးသံဃာအဖွဲ့သို့ အလှူငွေ ကျပ်(၅)သိန်းစီ အသီးသီးလှူဒါန်းပြီး ပအိုဝ်းအမျိုးသမီးအဖွဲ့ချုပ် (PWO)မှလည်း အလှူငွေ (၅)သောင်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ကြွရောက်လာသည့် ဧည့်သည်တော်များအား လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါသည်။ ညပိုင်းအစီအစဉ်တွင် ဒေသခံနှင့်ဖိတ်ကြားထားသည့် အကပဒေသာ အဖွဲ့များမှလည်း ပအိုဝ်းရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ (၃၃)ကြိမ်မြောက် ပင်လောင်း၊ နောင်တရား၊ ဖယ်ခုံမြို့နယ်များဆိုင်ရာ ပအိုဝ်းစာပေ စာမေးပွဲသို့ ၀င်ရောက်စာရင်းသွင်းသူ (၁၄၃၈၇)ဦးရှိပြီး ဖြေဆိုသူ (၁၂၁၁၈)ဦးရှိကာ အောင်မြင်သူ (၁၀၆၅၄)ဦးရှိကြောင်း သိရှိရပါသည်။

ခွန်ဓဇ

Powered by Blogger.