Thursday, May 4, 2017

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၄) ရက်






အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ်(၁) ဘွဲ့နှင့်သဘင်အခမ်းအနားကို ၂၀၁၇-ခုနှစ်၊ မေလ(၄)ရက်၊ ကြာသပတေးနေ့၊ နံနက်(၉း၀၀)နာရီ၌ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာဝင်းသိမ်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးတို့မှ ဘွဲ့ရမောင်မယ်(၆၁)ဦးကို ဘွဲ့လွန်ဒီပလိုမာဘွဲ့ အပ်နှင်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက စံပြကျောင်းသားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆု ရရှိသော သင်တန်းသား/သူများကို ဆုများချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဘွဲ့နှင်းသဘင် မိန့်ခွန်းမြွက်ကြားရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့လက်အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် တက္ကသိုလ်စတင်ဖွင့်လှစ်ချိန်မှစ၍ (၅၂)နှစ်ကျော် နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် (၁၈)နှစ်ကျော်ကြာမျှကာလအတွင်း ပြည်သူ့ဝန်ထမ်းအကယ်ဒမီကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုကဲ့သို့ ဘွဲ့နှင်းသဘင်အခမ်းအနားကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ခြင်းအတွက် ၀မ်းမြောက်မိပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများသည် နိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲရေးအတွက် Old Public Administration မှ ယခုလက်ရှိ နိုင်ငံတော်က ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီစနစ်နဲ့လျော်ညီသော New Public Management, New Public Governance တို့ကို အထောက်အကူပြုစေမည့် New Public Service Delivery လုပ်ငန်းစဉ်ကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်မည့် ပြည်သူ့ဝန်ထမ်းကောင်းများကို ထိရောက်စွာ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ပျိုးထောင်ရာတွင် ပြည်သူဝန်ထမ်းတစ်ဦးအတွက် အဓိက စံတန်ဖိုးများဖြစ်သော ရိုးသားဖြောင့်မတ်မှု (Honesty)၊ ဂုဏ်သိက္ခာရှိမှု (Integrity)၊ ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity)၊ ဘက်လိုက်ခြင်းကင်းမှု (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံး တန်းဖိုးထားတတ်စေရန်အတွက် လည်းကောင်း၊ ၀န်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေး အခြေခံအုတ်မြစ်များ ဖြစ်သည့် စရိုက်လက္ခဏာကောင်းမှု (Ethos)၊ ကိုယ်ကျင့်တရားကောင်းမှု ( Ethics)၊ တန်းတူညီမျှမှု (Equity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု( Efficiency)တို့နှင့် ပြည့်စုံသူများဖြစ်လာစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများမှ နိုင်ငံဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာတွင် အခြေခံကောင်းများရရှိရန် ပျိုးထောင်ပေးခြင်းသာ ဖြစ်ပြီး၊ အသိဥာဏ်အမြော်အမြင်နှင့် ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ ရှာဖွေစူးစမ်းလေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြားစိတ်ဖြာသုံးသပ်နိုင်မှုစသည့် အရည်အသွေးကောင်းများ အစဉ်ထက်မြတ်နေအောင် ဆက်လက်လေ့လာသင်ယူနိုင်မှသာလျှင် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများ၏ အရင်းခံစိတ်ထား (Mind-set) တွင် ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်ပေးမည့်သူ၊ ပြည်သူ့အတွက် အပြည့်အ၀ဆောင်ရွက်ပေးမည့် စိတ်ဓါတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးနှင့် အရည်အချင်းပြည့်ဝသော ၀န်ထမ်းများ ပေါ်ထွက်လာမှသာလျှင် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ရယူကာ ပြည်သူအများတောင့်တမျှော်လင့်နေသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင်ကြသူများဖြစ်အောင် တတ်စွမ်းသည့် နယ်ပယ်အသီးသီးမှ ပါဝင်ထမ်းဆောင်ကြရန် အထူးလိုအပ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီများက သင်ကြားပေးလိုက်သော ပညာရပ်များနှင့် အလေ့အကျင့်ကောင်းများကို လက်တွေ့နယ်ပယ်ဖြင့် ပေါင်းစပ်ပြီး အကျိုးရှိအောင် အသုံးချ၍ ပြည်သူကိုထိရောက်ထက်မြတ်စွာ ၀န်ဆောင်မှုပေးကြရမည်ဖြစ်ပါသည်။ သို့မှသာ ပြည်သူကို ၀န်ဆောင်မှုပေးရာတွင် အရည်အသွေးရှိမှု (Quality)၊ သွက်လက်မြန်ဆန်မှု (Speed)၊ မဆိုင်းမတွ လုပ်ဆောင်မှု (Responsiveness) နှင့် တာဝန်ယူမှု တာဝန်ခံမှု (Accountability) ရှိသည့် ပြည်သူ့ဝန်ထမ်းကောင်းများ အဖြစ်ရပ်တည်နိုင်ကြမှာဖြစ်ကြောင်း သိရှိရပါသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် ပို့ချသော ပညာရပ်များမှာ- စီမံခန့်ခွဲမှုပညာ၊ စီးပွါးရေးပညာ၊ ဥပဒေပညာ၊ လူမှုရေးသိပံ္ပပညာ၊ နိုင်ငံရေးသိပံ္ပပညာ၊ အင်္ဂလိပ်ဘာသာပညာနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာရပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။

ယခု အမှတ်စဉ် (၁) သင်တန်းတွင် နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံတာဝန်ထမ်းဆောင်မည့် အရာထမ်းလောင်းများ ( ၅၅)ဦး၊ ပုဂ္ဂလိက အဖွဲ့အစည်း(ကုမ္ပဏီ)မှ (၃) ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ (၃) ဦး စုစုပေါင်း (၆၁)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် စီမံခန့်ခွဲရေးအဆင့်နှင့် ပညာရှင်အဆင့်ဝန်ထမ်းများအား အခြေခံသင်တန်းများပေးခြင်းနှင့် (Past Graduate Diploma in Civil Service Management) အပ်နှင်းခြင်း၊ အလယ်အလတ်အဆင့် အရာထမ်းများအတွက် အဆင့်မြင့်ဒီပလိုမာ (Advanced Diploma) အပ်နှင်းခြင်းနှင့် အဆင့်မြင့်အရာထမ်းများအတွက် (Master Degree) အပ်နှင်းခြင်းတို့ကို လေ့ကျင့်ပျိုးထောင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာဝင်းသိမ်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တက္ကသိုလ်မှ ဆရာ/မများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိပညာရပ် (၇)ခုမှ ဆရာ/မများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသူ/သားများ၏ဆွေမျိုးမိတ်သင်္ဂဟများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိဝန်ထမ်းများ တက်ရောက်ကြောင်းသိရှိရပါသည်။

ခွန်​တ​ကျော; (ခါ;​ပြောဝ်​,ပြုံ;)
Powered by Blogger.