Monday, May 8, 2017

ဝန်ထမ်းများ ဘာကြောင့်အလုပ်ထွက်တာလဲ?

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၉) ရက်


လူတိုင်းသည် မိမိအတွက်၊ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ အလုပ်လုပ်နေကြရပါသည်။ အလုပ်ဟုဆိုရာတွင် လူတစ်ဦးတစ်ယောက်၏ စွမ်းဆောင်နိုင်မှုအပေါ်တွင်မူတည်ပြီး လုပ်ကိုင်ကြရသည့် အလုပ်များသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်း၊ နေ့စား၊ ကြုံရာကျပန်း စသည်ဖြင့် အလုပ်အကိုင်အမျိုးမျိုးရှိရာ အလုပ်အကိုင်မရှိသေးသောသူက အလုပ်အကိုင်ရရှိရန် ရှာဖွေကြသည်ရှိသလို အလုပ်အကိုင်ရှိပြီးသည့်သူအချို့က လက်ရှိအလုပ်အကိုင်မှ အလုပ်ထွက်သွားကြသည်လည်း အများအပြားရှိပါသည်။ အလုပ်သမား(ဝန်ထမ်း)ဘာကြောင့် အလုပ်ထွက် သွားကြသနည်း အုပ်ချုပ်သူ(သို့)မန်နေဂျာ၏ စီမံခန့်ခွဲမှုကြောင့်လော။ ရာထူး၊ လစာ၊ ခံစားခွင့်များ ကြောင့်လော။

မိသားစု စားဝတ်နေရေးအခက်အခဲရှိနေခြင်းကြောင့် လက်ရှိအလုပ်ထက် ရာထူး၊ လစာ၊ ခံစားခွင့်များ ပိုပေးသည့် အခြားသောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်သည်များရှိသလို အုပ်ချုပ်သူ၊ မန်နေဂျာ၊ အထက်ကလူများက လက်ရှိဝန်ထမ်းများကို အလုပ်ကထွက်သွားအောင် တွန်းထုတ်သလို ဖြစ်သွားသည့် စီမံခန့်ခွဲမှုများကြောင့်လည်း ရှိပါသည်။ အခြားသောလုပ်ငန်းများက ရာထူး၊ လစာ၊ ခံစားခွင့်ပိုပေးသောကြောင့် အလုပ်သမား(ဝန်ထမ်း)များ အလုပ်ကထွက်သွားရခြင်းထက် အုပ်ချုပ်သူနှင့် မန်နေဂျာတို့က ဝန်ထမ်းများအလုပ်ကမထွက်ထွက်အောင် တွန်းထုတ်သည်မျိုးသဘောဆောင်သည့် စီမံခန့်ခွဲမှုများကြောင့် ဝန်ထမ်းကောင်းများ အလုပ်မှထွက်သွားလျှင် လုပ်ငန်းအတွက်များစွာ ထိခိုက်နစ်နာစေပါသည်။

အလုပ်သမား(ဝန်ထမ်း)များနှင့် ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးဖန်တီးထားပေးခြင်းသည် စီမံခန့်ခွဲရာတွင် အရေးကြီးပါသည်။ ဝန်ထမ်းများ၏ကိစ္စသည် ကိုယ့်ကိစ္စဟုသဘောထားပြီး စီမံခန့်ခွဲသည့် လုပ်ငန်းရှင်များရှိသလို ဝန်ထမ်းများတစ်စုံတစ်ရာအမှားပြုလုပ်ခြင်းသည် ကိုယ်နှင့်မဆိုင်ဟုဆိုသည့် စီမံခန့်ခွဲသူ (အုပ်ချုပ်သူ၊ မန်နေဂျာ)လုပ်ငန်းရှင်များလည်းရှိပါသည်။ ဝန်ထမ်းများနှင့်သက်ဆိုင်သည့် အကြောင်းအရာမှန်သမျှသည် လုပ်ငန်းနှင့် ဆွက်နွယ်မှုရှိသည်ဟု ယူဆသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းသည် လုပ်ငန်းကိစ္စနှင့်မသက်ဆိုင်သော်လည်း ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် အလုပ်ထဲတွင် စိတ်ပါဝင်စားမှုမရှိဘဲ အလုပ်လုပ်နေမည်ဆိုလျှင် မည်သို့လုပ်ငန်းအပေါ်သက်ရောက်မှု ရှိလာမည်နည်း။ ၎င်းအခြေအနေအား စီမံခန့်ခွဲသူအနေဖြင့် သိရှိနားလည်ရန်လိုအပ်ပြီး ဝန်ထမ်းများအား လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် နည်းလမ်းပြပေးခြင်း၊ အကြံပေးဆွေးနွေးခြင်းများ ပြုလုပ်ပေးရန်လိုပါသည်။

ထို့အပြင် ဝန်ထမ်းများအား မည်သည့်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရန်လိုအပ်သည်ဟူသော ရှင်းလင်းပြတ်သားသည့် တာဝန်ပေးအပ်မှု၊ လမ်းညွန်မှုများ ပေးနိုင်ရန်လိုအပ်သည်။ သို့မှသာ ဝန်ထမ်းများသည် ညွန်ကြားချက်များအပေါ် အလေးထားဆောင်ရွက်နိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်(အုပ်ချုပ်သူ၊ မန်နေဂျာ)စီမံခန့်ခွဲသူအနေဖြင့် အလုပ်သမား(ဝန်ထမ်း)များအား အမှားများပြုလုပ်မည်ကို စိုးရိမ်ခြင်း၊ လိုအပ်သောရလာဒ်များမရရှိမည်ကိုစိုးရိမ်ခြင်း စသည့် ဝန်ထမ်းများအပေါ်တွင် ယုံကြည်မှုမရှိခြင်းကြောင့် စိုးရိမ်သည့်စိတ်များဖြင့် အရာရာတွင်ဝင်ပါပြီး “ပါလေရာငပိချက်”ဆိုသည့်အတိုင်း စီမံခန့်ခွဲခြင်းသည် ဝန်ထမ်းများ၏ အလုပ်အပေါ်တွင်ထားသည့် စေတနာ၊ အနစ်နာ၊ ဝါသနာဖြင့် အလုပ်လုပ်ကိုင်သည့် စိတ်ကို မှေးမိန်ပျောက်ကွယ်စေနိုင်သည်။ ဝန်ထမ်းများအပေါ်တွင် ယုံကြည်လေးစားမှုရှိမှသာလျှင် ဝန်ထမ်းများက အလုပ်လုပ်ရာတွင် မေတ္တာ၊ စေတနာဖြင့် စိတ်ရောကိုယ်ပါကြိုးကြိုးစားစားလုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထို့အပြင် အလုပ်နှင့်ပတ်ဝန်းကျင်တွင် တွေ့ကြုံနေရသောအခက်အခဲများကြောင့် ထွက်ပေါ်လာသည့် ဝန်ထမ်းများ၏ အတွေးအမြင်အသံများကိုလည်း တန်ဖိုးထားနားထောင်းပေးနိုင်ရန်လိုအပ်သည်။ သို့မှသာ လုပ်ငန်း၏ အားနည်းချက်များကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာတွင် အရာအားလုံးကို စီမံခန့်ခွဲသူကသာ အမြဲတမ်းလိုလိုဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုသင့်ဘဲ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများအချို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ပေးသင့်သည်။

ဝန်ထမ်းများသည် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်စဉ်တွင် စီမံကိန်းအသစ်အား အကောင်အထည်ဖော်သည့်အခါ အကြံအဉာဏ်၊ အကူအညီ၊ အထောက်အပံ့များလိုအပ်ခြင်း စသည့် အခက်အခဲများကို စီမံခန့်ခွဲသူအနေဖြင့် လျစ်လျူရှုခြင်းမပြုသင့်ဘဲ ပြန်လည်ဖြေရှင်းပေးနိုင်ရန်လိုအပ်သည်။ သို့မှသာ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပိုမိုလျင်မြန်စွာ ထိရောက်မှုရှိမည်ဖြစ်သည်။ ထို့အပြင် လုပ်ငန်းခွင်တွင် စီမံခန့်ခွဲသူနှင့်ဝန်ထမ်းများအကြေား သူငယ်ချင်းကဲ့သို့ ပေါင်းသင်းခြင်း အသွင်မဆောင် သည့် နွေးထွေးပွင့်လင်းသည့် လုပ်ငန်းခွင်ဆက်ဆံရေးရှိရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ခင်မင်ရင်းနှီးမှုကြောင့် အားနာရခြခင်းဖြစ်ကာ ဆုံးဖြတ်ချက်ချရာတွင် တွေဝေမှုများကို ဖြစ်စေနိုင်သော ကြောင့်ဖြစ်သည်။

လုပ်ငန်းခွင်အလေ့အထပြောင်းလဲမှုများ ဆောင်ရွက်သည့်အခါတွင်လည်း ဝန်ထမ်းများအား ရှင်းရှင်းလင်းလင်းသိရှိနားလည်သဘောပေါက်အောင် ရှင်းပြနိုင်ရန် လိုပါသည်။ ထို့အပြင် ဝန်ထမ်းများသည် လုပ်ငန်းခွင်၌ စိတ်ကျေနပ်မှုများပျောက်ဆုံးခြင်း၊ စိတ်ဓါတ်ရေးရာပျက်ပြားခြင်းများ ဖြစ်စေတတ်သည့် ဝန်ထမ်းများအပေါ် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေ ဘက်လိုက်ပြီးဆုံးဖြတ်ချက်များချမှတ်ခြင်း၊ မျက်သာပေးဆက်ဆံခြင်း စသည့် သာတူညီမျှမှုမရှိသော ဆက်ဆံခြင်းအပြုအမူများရှောင်ရှားသင့်ပါသည်။ ထို့အပြင် စီမံခန့်ခွဲသူ၏ ညံ့ဖျင်းသောစီမံခန့်ခွဲမှုများကြောင့် ဝန်ထမ်းများအလုပ်လုပ်ရာတွင် အမှားအယွင်း များရှိလာပါက စီမံခန့်ခွဲသူအနေဖြင့် ဝန်ထမ်းများအပြစ်ဟုမမြင်စေလိုဘဲ တာဝန်ခံတာဝန်ယူလိုသည့် စိတ်ရှိရန်လိုအပ်သည်။ ဆိုလိုသည်မှာ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများလုပ်ဆောင်မှုအရာအားလုံးသည် စီမံခန့်ခွဲသူနှင့်သက်ဆိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် မိမိတို့လုပ်ငန်းအတွင်းရှိ အရည်အချင်းပြည့်မှီသော ဝန်ထမ်းများ လုပ်ငန်းခွင်အား အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာသွားခြင်းဖြစ်မလာစေရန် စီမံခန့်ခွဲသူ(အုပ်ချုပ်သူ၊ မန်နေဂျာ)အနေဖြင့် စီမံခန့်ခွဲမှုအမှားများ ရှောင်ရှားနိုင်ကြပါစေကြောင်း အပြုသဘောဖြင့် အကြံပြုရေးသားတင်ပြအပ်ပါသည်။

ခွန်အာခမ်း
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.