Wednesday, May 17, 2017

ချစ်စရာ့မြန်မာပြည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၈) ရက်


လူမှန်လျှင် မိမိမွေးဖွားရာဖြစ်သော မိမိတို့လူမျိုးစုများ မှီခိုရာဒေသ၊ တိုင်းပြည်နိုင်ငံကို ချစ်မြတ်နိုး တတ်ကြသည်မှာ သဘာဝတရားတစ်ခုပင်တည်း။ မိမိတိုင်းပြည်သည် မည်မျှပင်အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ ချစ်ကိုချစ်တတ်ရပေမည်။ ကျွန်မကမူ ရှေးရိုးအစဉ်အဆက်ကစ၍ ကဲ့ရဲ့ဖွယ်အပြစ်များမှ ကင်းလွတ်စွာနှင့် သာတောင့်သာယာရှိလှသော အမိမြန်မာနိုင်ငံတော်ကြီးကို နှလုံးသားမှယိုစီးသော ချစ်ခြင်းဖြင့် အမြတ်တနိုးရှိလှပေသည်။

ကမ္ဘာ့မြေပုံကားချပ်ကို ဖြန့်ကျက်၍ ကြည့်မည်ဆိုလျှင် အလှပဆုံးနိုင်ငံမြေပုံမှာ ကျွန်မတို့ မြန်မာ ပြည်သာဖြစ်သည်ဟု ရဲဝံ့စွာ ပြောချင်ပါသည်။ ဥဒေါင်းငှက်တစ်ကောင်အမြီးကိုချလျက် အတောင်ကိုဖြန့်၍ ကျက်သရေရှိစွာဦးလည်မော့နေဟန် နိုင်ငံ၏မြေပုံကား ကျွန်မတို့၏မိခင်တိုင်းပြည်တည်း။ အရှေ့သို့လား သော်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိ၏။ အနောက် သို့လားသော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပင်လယ်အော်တို့နှင့် အဆုံးသတ်လေ၏။ ကျွန်မတို့လူမျိုးများသည် အိမ်နီချင်းထိစပ်လျက်ရှိသော နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးလှသည်။ သူ့နယ်မြေသို့ ကျူးကျော်ရန်စရန် မတွေးကြသလို မိမိပိုင်နက်နယ်မြေကိုလည်း နည်းနည်းမျှ အထိမခံကြပေ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံကျင့်သုံးလျက် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါ၀ါ ခိုင်ခိုင်မာမာ ရပ်တည်နေထိုင်နေသောနိုင်ငံဖြစ်သည်။

ရှေးခေတ်မှစ၍ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ဟူသော ခေတ်ကြီးများဖြင့် ကိုယ့်ထီးကိုယ့်နန်းတွင် ကိုယ့်အရှင်သခင်ကို ပလ္လင်ထက်တင်မြှောက်လျက် ရာဇ၀င်သမိုင်းစဉ်တစ်လျှောက်၌လည်းတင့်တယ်စွာ ထွန်းတောက်ခဲ့သည်။ လူမျိုးခြားလက်အောက်သို့ ကျရောက်ခဲ့သောအခါလည်း သားကောင်းရတနာအာဇာနည်များနှင့် တိုင်းရင်းသားတို့သွေးစည်းစွာစုရုံးလျက် လွတ်လပ်ရေးကို ပြန်လည်အရယူနိုင်ခဲ့ကြသည်။ အာဇာနည်ခေါင်းဆောင်ကောင်းတို့ကား ယခုမှပေါ်ထွက်လာကြသည် မဟုတ်ပါ။ ပုဂံခေတ်ကပင် စတင်၍ ခေတ်အဆက်ဆက် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ အလောင်းဘုရား၊ ဗန္ဓုလစသော ရဲရဲတောက်နီစွေးသည့် အာဇာနည်သွေးတို့ကို မွေးဖွားခဲ့သော တိုင်းပြည်ဖြစ်လေသည်။

ကျွန်မတို့နိုင်ငံ၌ တိုင်းပြည်၏အခြေအမြစ်ဖြစ်သော စပါးကား တောင်လိုပုံ၏။ “ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ ” ဟူသောအဆိုသည် တိုင်းပြည်၏ ဖူလုံကြွယ်ဝမှုကြောင့်သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ စာရေးဆရာကြီးတစ်ဦးက ဆိုသည်မှာ “မြန်မာပြည်ဟာ ကန်စွန်းရွက်ပေါတာ တစ်ခုတည်းနဲ့ကိုပင် ချစ်ဖို့ကောင်းနေပြီ” ဟူ၏။ ထို့ပြင် ရခဲမှရတနာဟူသော သယံဇာတမျိုးစုံတို့သည်လည်း မြန်မာ့မြေဆီလွှာတို့၌ စုတည်ဖြစ်ပေါ်ကြပြန်သည်။ မြန်မာ့ပတ္တမြားတို့ကို မည်သည့်ကျောက်မျက်မျှ မယှဉ်နိုင်ချေ။ နီလာ၊ ကျောက်စိမ်းနှင့်ပုလဲ တို့သည်လည်း မြန်မာနိုင်ငံ၏ ထင်ရှားသော ရတနာထွက်ကုန်များ ဖြစ်ကြလေသည်။ ရေနံကိုလည်း အချို့နိုင်ငံများကဲ့သို့ ပြည်ပမှ မှာယူတင်သွင်းရန်မလို ပြည်တွင်းသုံးရန် ဖူလုံစွာ ထွက်ရှိလေသည်။ ရှေးခေတ်မှစ၍ ယနေ့မျက်မှောက်တိုင် နိုင်ငံခြားကုမ္ပဏီအများအပြားသည် မြန်မာမြေဆီလွှာတို့တွင် ရေနံရှာဖွေရန် အထူးစိတ်ဝင်စားကြ၏။ ကြေးနီ၊ ဘော်၊ ခဲမဖြူနှင့် အဖြိုက်နက်များကိုလည်း တူးဖော်ရယူနိုင်သေး၏။

မြန်မာနိုင်ငံ၏ ဒုတိယထွက်ကုန်ဖြစ်သော သစ်မာမျိုးစုံကိုလည်း အမြဲစိမ်းသစ်တောကြိုးဝိုင်းများမှ ထုတ်ယူရရှိနိုင်၏။ မြန်မာ့ကျွန်းသစ်သည် အထင်ရှားစွာ ကမ္ဘာ့ဈေးကွက်သို့ တိုးဝင်နိုင်၏။ ပြည်တွင်း၌လည်း သစ်ဝါးတို့ကို အဓိကသုံး၍ လူသုံးကုန်ပစ္စည်းများ ကျေးလက်ဒေသ၌ နေထိုင်အိမ်များ ဆောက်လုပ်နိုင်ကြသည်။ ဤသစ်တောကြိုးဝိုင်းများရှိခြင်းကြောင့် ကျေးငှက်သားရဲတို့ကိုလည်း သဘာဝအတိုင်းမျိုးမတုံးအောင် ထိန်းသိမ်းထားနိုင်၏။ ရာသီဥတုလည်း မျှတစေ၏။ မြန်မာနိုင်ငံတွင် ကြမ်းတမ်းသော ရာသီဥတု ဒဏ်ကိုမခံရ။ သဘာဝဘေးဒဏ်များလည်း များစွာသက်သာလှ၏။

မြန်မာလူမျိုးတို့ကား မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာဟူသော ဗြဟ္မာစိုရ်တရားတို့ကို အခြေ ခံလျက် တစ်ဦးနှင့်တစ်ဦး မေတ္တာရှေ့ထား ဆက်ဆံတတ်ကြသည်။ သဒ္ဓါစေတနာ ထက်သန်ကြသည်။ ဘိုးဘွား၊ မိဘ၊ ဆရာသမားတို့ကို ရိုသေအလေးထားကြသည်။ ကူညီရိုင်းပင်းတတ်သော၊ ထောက်မပေးကမ်းတတ်သော၊ တစ်မူးရလျှင်တစ်ပဲလှူတတ်သော စရိုက်လည်းရှိကြသည်။ မြန်မာတို့၏ စရိုက်ကား နှစ်ခြိုက်ဖွယ်တည်း။ မြန်မာတို့၏အပြောအဆိုကား တရားနှင့်ညီ၏။ မြန်မာတို့၏ဓလေ့ကား ရွှင်မွေ့ဖွယ်တည်း။ တစ်နှစ်တွင် တစ်ဆယ့်နှစ်လရှိသည့်အနက် လစဉ်လတိုင်း ရိုးရုာပွဲတော် တစ်ခုစီရှိ၏။ ဗုံမောင်း သံတညံညံနှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်ကြသည်။ ဤသို့တိုင်းပြည်တွင် နေကြသော ဤလူမျိုးကား ပျော်ရွှင်တတ်၊ ကူညီတတ်ကြသော လူမျိုးများဖြစ်ကြသည်။ ဤတိုင်းပြည်လောက်ချစ်ဖွယ်ကောင်းသော၊ နေထိုင်ရန်ကောင်းနေရာ ရှိသေးအံ့။ “အညှာအတာမဲ့သော၊ ရက်စက်သော၊ စိမ်းကားသော အမိနိုင်ငံသည် မိမိအပေါ် စေတနာထားသော နိုင်ငံခြားထက် မွန်မြတ်သည်”ဟု ဆရာပါရဂူ၏ ဘာသာပြန်စာအုပ်တွင် ကျွန်မဖတ်ဖူးခဲ့ပါသည်။ ယခုကျွန်မတို့၏အမိမြန်မာနိုင်ငံသည် သူ၏ရင်းသွေးတိုင်းရင်းသား ပြည်သူတို့ကို မရက်စက်တက်ခဲ့ပါ။ မိခင်မေတ္တာ အသားပေးသော အရှေ့တိုင်းရင်းသားတို့၏ ဓလေ့အတိုင်း မိခင်များကို အလွန်ချစ်မြတ်နိုး ရိုကျိုးကြသည်။ မိခင်များကလည်း သားသမီးများအပေါ် တွယ်တာလွန်းဂရုစိုက်လွန်းသည်။ ဤသို့ မိခင်နှင့်သားသမီး အပြန်အလှန်ထားတတ်ကြသော မေတ္တာအလှကို အမိမြန်မာနှင့်တိုင်းရင်းသားတို့အကြား၌သာတွေ့ရသည်။

ကျွန်မတို့သည် တို့ဗမာအစည်းအရုံး၏ တစ်ခဲနက် ကြွေးကြော်သံများကို မမီခဲ့ဖူးသော်လည်း နားတွင် ကြားယောင်သကဲ့သို့ ရှိလာပါသည်။ မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည်တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါဟု တို့ဗမာအစည်းအရုံးကြီး နှိုးဆော်ခဲ့ဖူးသည်။ ထိုစကားသည်မှန်လှပါပေသည်။ ကျွန်မတို့သည် မိမိတိုင်းပြည်ကို မိမိချစ်ကြရပါမည်။ အကြောင်းမူကား ကျွန်မတို့ပြည်သည် ချစ်စရာ့မြန်မာပြည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

မူပေမဲုင်းကောင်
Powered by Blogger.