Monday, May 15, 2017

အနာခံမှအသာစံရမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်


လောကရှိလူသားအားလုံးတို့သည် အရေးကိစ္စမှန်သမျှကို တစ်စုံတရာ ရင်းနှီးကြိုးပမ်းမှု မပါသည့် တိုင်အောင် အကျိုးရလာဒ် ခံစားရတတ်သည်။ ပစ္စည်းတစ်ခုကိုပိုင်ဆိုင်လိုလျှင် ထိုက်တန်သောတန်ဖိုးကို ပေးရသည်။ ထို့ကြောင့်လူတို့သည်အောင်မြင်မှုသုခချမ်းသာကို ရလိုကြသည်။ သို့ရာတွင် ထိုအောင်မြင်မှု တို့သည် လွယ်ကူစွာရရှိလေ့ရှိသည်မဟုတ်သောကြောင့် ထိုက်တန်သောရင်းနှီးမှု၊ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုတို့ရှိမှသာ ရနိုင်ပါသည်။ ဘ၀ခရီးလမ်းသည် ပန်းခင်းလမ်းချည်းသာမဟုတ်ချေ။ တစ်ခါ တစ်ရံတွင် ခရောင်းလမ်းမျိုးလည်းကြုံရတတ်သည်။ ခရောင်းလမ်းကိုမကြောက်မတမ်းဖြတ်သန်းရဲသူတို့ သည် ပန်းခင်းလမ်းနှင့်ကြုံသည့်အခါ သက်တောင့်သက်သာ လျှောက်လှမ်းရုံသာဖြစ်သည်။ ဒုက္ခမခံ အသာစံလိုလျှင် ပြီးပြည့်စုံသောချမ်းသာသုခကို ရရှိနိုင်မည်မဟုတ်ချေ။ တစ်ခုခုကိုလိုချင်လျှင်၊ ရယူချင်လျှင် ပေးဆပ်ရမည်ဖြစ်သည်။ နေအရိပ်အလာကို နေပူကစောင့်ရသကဲ့သို့ လူသားအားလုံးတို့ သည်လည်း အနာခံမှ အသာစံရမည်ဖြစ်သည်။
လူတို့၏မည်သည့်ကိစ္စ အရေးအရာတွင်မဆို အနစ်နာခံကြိုးစားမှုလိုအပ်ပါသည်။ ပညာရှာဖွေ ဆည်းပူးရာတွင် လည်းကောင်း၊ စီးပွားရေးရာတွင်လည်းကောင်း အနစ်နာခံဆောင်ရွက်မှုသည် ၎င်းလုပ်ငန်း များ၏ ကြီးပွားတိုးတက်မှုအတွက် အရင်းအနှီးကောင်းများဖြစ်သည်။ ပညာ၊ ဥစ္စာ၊ ဂုဏ်အဆင့်အတန်း တစ်ခုခုတွင် နေရာတစ်နေရာ အဆင့်တစ်ဆင့်၌ရှိသူများ၏ ဘ၀ဖြစ်ရပ်များကိုလေ့လာကြည့်လျှင် အစဦး၌ အနစ်နာခံကြိုးပမ်းခဲ့ပုံများကိုသာ တွေ့ရတတ်ပါသည်။ အနစ်နာခံကြိုးစားရသောကြောင့် အောင်မြင်မှုရပုံ သာဓကမှာ သဗ္ဗညုတမြတ်ဗုဒ္ဓသည် ဘ၀ပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ပါရမီ ဖြည့်ဆည်းခဲ့ရပါသည်။ အနစ်နာခံကြိုးပမ်းခြင်းသည် အောင်မြင်မှုကိုသာဖြစ်စေသည်ကို မှတ်သားရပါ သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးသည်လည်း သူ့ကျွန်ဘ၀မှ အနာခံဆင်းရဲပင်ပန်းခံကာ ကြိုးစားခဲ့သည့်သူတို့၏ စွမ်းဆောင်မှုကြောင့်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ကိုင်သူများ အနေဖြင့် သော်လည်းကောင်း၊ အနုပညာရှင် များအနေဖြင့်သော်လည်းကောင်း၊ မည်သည့်အရေးကိစ္စမှန်သမျှတွင် အခက်အခဲ၊ အတားအဆီးဟူ၍ ရှိစမြဲ ပင်ဖြစ်သည်။ အောင်မြင်ချင်သောသူများသည် မည်သည့်အခက်အခဲ၊ အတားအဆီးမှန်မျှ ဂရုမစိုက်ဘဲ မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယကိုအရင်းခံကာ ကြိုးစားလျှင် အောင်မြင်မည် ဖြစ်ပါသည်။ မိမိ၏အနာခံမှုသည် မိမိအတွက်သာမက ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းကိုလည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အနာခံမှ အသာစံရမည်ဟူသောစကားသည် ကျွန်ုပ်တို့ ပညာသင်ကြား နေသော လူငယ်အနေဖြင့်အရေးကြီးသကဲ့သို့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြသော ၀န်ထမ်းများသည်လည်း လွန်စွာအရေးကြီးလှပါသည်။ ဆယ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်ဖြင့်အောင်မြင်   နိုင်ရန်အတွက် ပွဲမ၀င်ခင် အပင်ပန်းခံ ကြိုးစားရမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင်တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများသည်လည်း ရိုးရိုးကျင့်မြင့်မြင့်ကြံ၍ လှေကားထစ်များကို တစ်ဆင့်ချင်းတက်ခြင်းဖြင့် အနာခံကာ မိမိတို့သွားလိုသည့် ပန်းတိုင်ကို အရောက်သွားရန်လိုအပ်ပါသည်။

ဒုက္ခဟူသည် သုခအတွက်အခြေခံအုတ်မြစ်ဖြစ်သောကြောင့် အခက်အခဲအတားအဆီး ဒုက္ခတစ်စုံ တစ်ရာကိုတွေ့ပါက ၀မ်းနည်းပူဆွေးသည့်စိတ်များမေ့ပစ်ကာ ဒုက္ခရောက်ရခြင်းအကြောင်းရင်းကို ဆန်းစစ် ဖော်ထုတ်ပြီး သင်ခန်းစာယူရပါမည်။ အခက်အခဲဟူသမျှကို အောင်မြင်မှုဖြစ်စေရန် အသွင်ပြောင်းလဲကာ အတွေးသစ်၊ အမြင်သစ်များဖြင့် အားသစ်အင်သစ်ဖြစ်အောင်ကြိုးစားခြင်းဖြင့် သုခပန်းတိုင်စစ်မည်ဆိုပါက ဘ၀ဆူးလမ်းများပို၍ကြမ်းမည်ဖြစ်ပြီး ဇွဲမလျှော့သောသူများ၊ ရိုးရိုးကျင့်မြင့်မြင့်ကြံပြီး ကြိုးစားသောသူများ အတွက် အောင်မြင်ရမည်သာဖြစ်သည်။ ဥပမာအားဖြင့် အထုအရိုက်ခံ၍ပြုလုပ်ခြင်းခံရသောအိုးသည် အရည်အသွေးပိုကောင်းပါသည်။ ထို့ကြောင့်အနာခံခြင်းသည် အသာစံခြင်းအတွက်ဖြစ်သောကြောင့် လူသားတို့၏ဘ၀တွင် မည်သည့်အလုပ်များကိုမဆို ခက်ခဲကြမ်းတမ်းသောဘ၀ခရီးကို ရင်ဆိုင်ကျော်ဖြတ် ပြီးမှသာလျှင် အေးမြသောအောင်မြင်မှုပန်းတိုင်အစစ်အမှန်ကို ရယူတတ်ကြပါသည်။ ဘ၀ခရီးလမ်းတွင် အောင်မြင်မှုရယူလိုလျှင် အခက်အခဲမျာအားလုံးကို ရင်ဆိုင်နိုင်သော သတ္တိ၊ စွဲစွဲမြဲမြဲဆောင်ရွက်တတ်သော ဇွဲ၊ လုံ့လဟူသော စိတ်ထားတတ်ရန်လိုပါသည်။ ခဏတာသည်းခံခြင်းဖြင့် အခက်အခဲကိုကျော်လွားပြီး အပ်သွားရာအပ်ချည်ပါသကဲ့သို့ အနစ်နာခံကြိုးစားမှု၏နောက်တွင် အသာစံရမှုသည်ဒွန်တွဲလိုက်ပါမည်သာ ဖြစ်ပါသည်။



ကိုးကားချက် ။ ။ မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)
ခွန်လိုရဲုင်း





Powered by Blogger.