Thursday, May 11, 2017

နှစ်ရာမရောက်ပဲ ချစ်ရာရောက်စေချင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၁) ရက်


မိမိကဲ့သို့ လူသားများအားလုံးသည် မိဘနှစ်ပါးမှအစပြု၍ “လူ”လို့ဖြစ်ပေါ်လာကြရခြင်းပင်ဖြစ်သည်။ လူသားတို့၏ပင်ကိုဗီဇသည် ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါများအားလုံးထက် စဉ်းစားတွေးခေါ် နိုင်သော စွမ်းရည် သာလွန်စွာမြင့်မားသည့် သတ္တ၀ါတစ်မျိုးပင်ဖြစ်သည်။ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် မိမိတို့ရှေ့ဆက်လျှောက်လှမ်းရမည့် အနာဂါတ်လမ်းကြောင်း သာယာဖြောင့်ဖြူးအောင် ကြိုးစားအားထုတ်၊ ရှာဖွေ၊ လုပ်ကိုင်နေကြရာဝယ် မိဘကောင်း၊ ဆရာသမား ကောင်းသည် မရှိမဖြစ်လိုအပ်သောအားကိုးရာတစ်ခုဖြစ်သည်။ မိဘ၊ ဆရာသမား၊ လူကြီးသူမတို့၏ သွန်သင်ဆုံးမမှုမရှိပဲနှင့်တော့ မည်သို့မှအောင်မြင်မှုရရှိနိုင်မည် မဟုတ်ပေ။ အောင်မြင်မှုကိုမရလျှင် လူပုံ အလယ်တွင် တင့်တောင်းတင့်တယ်ရှိမနေပဲ မျက်နှာငယ်စရာ၊ အရှက်ရစရာများ ဖြစ်ရမည်ဖြစ်သည်။

ထို့ကြောင့် ဤဆောင်းပါးသည် ရင်သွေးငယ်သားသမီးလေးများ၏ ပထမ မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာများဖြစ်ကြသည့် မိဘများကိုရည်ရွယ်ပြီးရေးထားသည့် ဆောင်းပါးဖြစ်ပါသည်။ ဤကမ္ဘာပေါ်ရှိ မိဘတိုင်းသည် မိမိတို့၏ရင်သွေးငယ်သားသမီးလေးများကို မိမိတို့၏အသက်ထက်ပင် ပို၍တန်ဖိုးထား ချစ်ခင်၊ မြတ်နိုးကြသည်။ မည်သည့်မိဘမဆို မိမိ၏သားသမီးများကို မိသားစု၊ အများပြည်သူ ယုံကြည် အားကိုးရသည့် သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်စေချင်ကြသည်။ သားသမီးတို့၏ဘ၀ချမ်းသာ၊ ပြည့်စုံမှသာလျှင် မိဘတို့လည်းစိတ်ချမ်းသာကြမည်ဖြစ်သည်။ မိဘတိုင်းသည် သားသမီးများအပေါ်တွင် မည်သည့် တစ်စုံတစ်ရာမျှမမျှော်လင့်ဘဲ သားသမီးများကိုအမြဲတမ်းဖြည့်ဆည်းပေးချင်သော ဆန္ဒတစ်ခုသာ ရှိသည်။ ထို့ကြောင့် မိဘတိုင်း မိမိတို့၏သားသမီးများ အနာဂါတ်သာယာလှပအောင် ကြိုးစားဖန်တီး ပေးကြသည်။ ဤသို့ ပြုစု၊ ပျိုးထောင်၊ ဖန်တီးရာတွင်လည်း ပညာသားပါပါ ပြုစုပျိုးထောင်ပေးတတ်ရန် အထူးလိုအပ်ပါသည်။  အချို့သောမိဘများသည် သားသမီးများကိုမချစ်တတ်လှ ချစ်သော်လည်း ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်ရသည့် သက်သေသာဓက အမြောက်အများ ကြုံဖူး၊ ကြားဖူးကြမည်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိတို့၏သားသမီးများကို ချစ်တတ်အောင် ချစ်ရမည်ကိုဆိုလိုခြင်းဖြစ်သည်။

မိဘတိုင်းသည် ရင်သွေးငယ်သားသမီးလေးများ၏ ပထမကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာများဖြစ် ကြသည်။ ပထမဆရာများဟုဆိုသည့်အတိုင်း မိဘများအနေဖြင့် မိမိတို့၏ ကိုယ်၊ နုတ်၊ အမူအယာများကို သားသမီးတို့၏ရှေ့တွင် ဆင်ခြင်ရမည်ဖြစ်သည်။ လူတို့သည် ပတ်ဝန်းကျင်ကိုလိုက်ပြီးပြောင်းလဲတတ် သည့် သဘောရှိသောကြောင့် “အတုမြင် အတတ်သင်”ဟုဆိုသည့်အတိုင်း မိမိတို့၏ရင်သွေးငယ်သားသမီး များသည်လည်း မိမိတို့၏ ပြုမူ၊ ပြောဆို၊ နေထိုင်ပုံတို့ကိုလိုက်၍ ပြုမူ၊ ပြောဆို၊ နေထိုင်ကြမည်ပင်ဖြစ်သည်။ မိဘသည် သားသမီးများ၏ စံပြပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ကြောင့် “သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း”ဟုဆိုသည့်အတိုင်း မိဘများ သွန်သင်ဆုံးမမှုကောင်းလျှင် သားသမီးသည် လည်းကောင်းမည်ဖြစ်ပြီး၊ မိဘများ သွန်သင်ဆုံးမမှုညံ့ဖျင်းလျှင် သားသမီးများသည်လည်း လူဆိုး၊ လူပေများ ဖြစ်နေကြမည်ဖြစ်သည်။ ထို့ကြောင့် မိဘတိုင်း သားသမီးများ၏စံပြကောင်းဖြစ်အောင် ပြုမူ၊ ပြောဆို၊ နေထိုင်ကြရမည်ဖြစ်သည်။

ထို့နောက် မိဘများသည် သားသမီးများ၏ ဥယျာဉ်မှူးများဖြစ်ကြသည်။ ဥယျာဉ်မှူးသည် မိမိစိုက်ပျိုးထားသည့်ပန်းများ လှပတင့်တယ်ပြီး ဝေဆာစွာဖူးပွင့်အောင် ပြုစုပျိုးထောင်ကြရသည်။ အပင်သန်ပြီး ပိုးမကျအောင် ဆေးဖြန်းပေးခြင်း၊ ရေလောင်းပေးခြင်း၊ မြေသြဇာကျွေးခြင်း စသဖြင့်ပြုလုပ်ပေး ရသည်။ ထိုမှသာလျှင် မိမိစိုက်ပျိုးသည့်ပန်းများ လှပဝေဆာပြီး လူတကာ နှစ်သက်၊ မြတ်နိုးကြမည် ပင်ဖြစ်သည်။ သားသမီးများသည် သစ်ပင်၊ ကျွန်းပင်နှင့်လည်း အလားသဏ္ဍာန်တူညီပေသည်။ အပင်ငယ်ချိန်မှထွက်လာသည့် အကိုင်းအခက်များကို ရှင်းလင်းခုတ်ဖြတ်ပေးမှသာလျှင် တန်ဖိုးကြီးသော သစ်ကောင်း ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ် ထွက်လာသော အကိုင်းအခက်များကို ခုတ်ထွင်ရှင်းလင်းခြင်း မရှိပါက တန်ဖိုးနည်းသော ထင်းလောင်စာဘ၀ကိုသာ ရောက်ရှိရမည်ဖြစ်သည်။

အလားတူပင် မိမိတို့၏သားသမီးများကို တန်ဖိုးမြင့်စေလိုလျှင် ကလေးအရွယ်ကတည်းကပင်လျှင် သားသမီးများ၏ မကောင်းသော အမူအကျင့်၊ အလေ့အထများကို အနုနည်းတစ်လှည့်၊ အကြမ်းနည်း တစ်ဖန် လိုသလို ပြောဆိုဆုံးမခြင်း၊ ကလေးဟုဆိုသည့်အတိုင်း ပုံပြင်များဖြင့် သာဓကထားကာ ပြောဆိုဆုံးမရမည်ဖြစ်သည်။ သို့မှသာလျှင် မိမိတို့၏ရင်သွေးငယ်သားသမီးများသည် လိမ္မာယဉ်ကျေးသော သားသမီးရတနာများဖြစ်ကြ မည်ဖြစ်သည်။ ဤသို့ပြောဆိုဆုံးမရာတွင် တစ်ခါတစ်ရံ ရိုက်ပြီးဆုံးမသင့်လျှင် ရိုက်ရမည်ဖြစ်သည်။ ရိုက်နက်ခြင်းမပြုပါက ကလေးသည်လည်း မကောင်းမှုပြုရန် ကြောက်မည်မဟုတ်ပေ။ ထိုကဲ့သို့ ပြောဆို၊ ရိုက်နက်ဆုံးမရာတွင်လည်း အလွန်အကျူးမဖြစ်စေရန် အလွန်အရေးကြီးပေသည်။ ဤကဲ့သို့ အလွန်အကျူးပြောဆိုရိုက်နက်ဆုံးမခြင်းကြောင့် ကလေးငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ များကို ထိခိုက်စေနိုင်ပြီး စိတ်ဓာတ်ပိုင်းယိုယွင်းမှုဖြစ်ခြင်း၊ ခန္ဓာကိုယ်ချို့ယွင်းခြင်းများကို ဖြစ်စေနိုင်သည်။ ကလေးငယ်ကို အညွှန့်ချိုးလိုက်ခြင်းနှင့် တူပေသည်။ တစ်ခါတစ်ရံ မြှောက်ပင့်သင့်သည့်နေရာတွင်လည်း မြှောက်ပင့်ပြောဆိုပေးရမည်။ ဤကဲ့သို့ မြှောက်ပင့်ပြောဆိုပေးခြင်းကြောင့် သားသမီးလေးများ၏ တွေးခေါ် မှု၊ တီထွင် ကြံဆမှုစွမ်းရည်များကို တိုးမြှင့်ပေးနိုင်သည်။

မူကြိုကျောင်းနေအရွယ်ရောက်လာလျှင်လည်း သားသမီးများကျောင်းတက်ချင်အောင် ဆွဲဆောင် စည်းရုံးရမည်ဖြစ်သည်။ ပညာသည် လူသားတိုင်းမဖြစ်မနေ သင်ကြားတတ်မြှောက်ရန် အလွန်အရေးကြီး သည်။ “ပညာရွှေအိုး လူမခိုး”ဟုဆိုသည့်ဆိုရိုးစကားအတိုင်း မိမိ၏ရင်သွေးငယ်သားသမီးလေးများကို ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားစသည့် အမွှေပေးမည့်အစား ပညာကိုသင်ကြားတတ်မြှောက်စေခြင်းသည် အကောင်းဆုံးသောအမွှေပင်ဖြစ်သည်။ ရွှေ၊ ငွေ၊ ဥစ္စာပေါများသော်လည်း ပညာမတတ်သောကြောင့် နောက်ဆုံးတွင် ဒုက္ခရောက်ရသည့် သာဓကများကိုလည်း ကြားဖူးကြမည်ဖြစ်သည်။ မိမိ၏ ရင်းသွေးငယ် သားသမီးများကို ဆရာ၊ ဆရာမရိုက်မည်ကိုစိုးသည့်ကြောင့်၊ သူငယ်ချင်းများအနိုင်ကျင့်မည်ကိုစိုးသည့် ကြောင့် ပညာကိုမသင်ကြားစေခြင်းသည် ကိုယ့်သားသမီး၏ နား၊ မျက်စိနှင့် အနာဂါတ်တက်လမ်းများကို မိဘများကိုယ်တိုင်က ပိတ်ပင်လိုက်ခြင်းနှင့်တူပေသည်။
 
ထို့ကြောင့် မိဘများသည် ကိုယ့်ရင်သွေးငယ်သားသမီးများကို အမှန်တကယ်ချစ်မြတ်နိုးသည် ဆိုလျှင် ချစ်တတ်ရန်အထူးလိုအပ်ပေသည်။ သို့မှသာ သားသမီးများ၏အနာဂါတ်သည် သာယာလှပပြီး တိုးတက်အောင်မြင်မည်ပင်ဖြစ်သည်။ မိဘများအားလုံး မိမိ၏ရင်သွေးငယ်သားသမီးများကို ချစ်ရာမှ နှစ်ရာ မရောက်စေဘဲ နည်းမှန်လမ်းမှန်ဖြင့် ချစ်တတ်ပါစေကြောင်း တိုက်တွန်းရင်း ပျော်ရွှင်သောမိသားစုဘ၀ ပိုင်ဆိုင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.