Saturday, May 6, 2017

ခေါင်းဆောင်မှု(Leadership)သင်တန်း အောင်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၇) ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံ -ဆစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့ဦးဆောင်၍ ခေါင်းဆောင်မှု(Leadership) သင်တန်းကို အောင်ပွဲအခမ်းအနားကို ၂၀၁၇-ခုနှစ်၊ မေလ(၅)ရက်နေ့ ညနေ(၄း၃၀)အချိန်တွင် ကျင်းပခဲ့ပါသည်။

သင်တန်းအောင်ပွဲတွင် ပထမဦးစွာ လွယ်ဆံဆစ်ကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝရ ထံမှ ငါးပါးသီလခံယူခြင်း၊ သင်တန်းဖြစ်မြှောက်ရေး(တာဝန်ခံ)၊ လွယ်ဆံဆစ်ကျောင်း ဦးပဉ္စင်း ဦးပညာနန္ဒထံ သြဝါဒခံယူရာ ဦးပညာနန္ဒမှ သင်တန်းသားသင်တန်းသူများကို သင်တန်းမှရရှိလာသော ခေါင်းဆောင်မှုနှင့်ပတ်သက်သည့် သင်ခန်းစာများကို လက်တွေ့ဘဝတွင်အသုံးချကြရန်၊ သင်တန်းမှ ရရှိလာသော သင်တန်းလက်စွဲစာအုပ်များကို မိမိတို့အိမ်ရောက်လျှင် ဒီတိုင်းပစ်မထားဘဲ ဖွင့်ဖတ်ကြပါရန်နှင့် လက်တွေ့အသုံးချကြပါရန် သို့မှသာလျှင် အနာဂါတ်မိမိမြင်လိုသည့် စည်းလုံးမှုရှိသော၊ တိုးတက်သော၊ စံပြဖြစ်သောလွယ်ဆံဆစ်ကို မြင်ရမှာဖြစ်ကြောင်း၊ ဆက်လက်ပြီး မိမိတို့ရပ်ရွာတိုးတက်ဖို့အတွက် ကျေးရွာလူကြီးများလည်း နည်းလမ်းကောင်းများကို တတ်နိုင်သမျှ ဆက်လက်ရှာဖွေကြရန်နှင့် လူငယ်မျိုးဆက်သစ်များသည်လည်း မိမိတို့ကျေးရွာတိုးတက်စေရန် အလို့ငှာ ယခုသင်တန်းမှရရှိလာသော အတွေ့အကြုံများ၊ ကောင်းမွန်သောအကြံဉာဏ်များကို ယခုလက်ရှိကျေးရွာကို အုပ်ချုပ်နေသော ကျေးရွာသူကြီးများကိုဖလှယ်ကာ ဝိုင်းဝန်းအကြံပေးကြပါရန် တိုက်တွန်းမိန့်ကြားတော်မူခဲ့ပါသည်။

ဆက်လက်၍ လွယ်ဆံဆစ်ရွာ ရပ်မိရပ်ဖကိုယ်စား ဖြားခွန်ထီးမှ သင်တန်းသားသင်တန်းသူများကို အားပေးစကားပြောကြားခြင်း၊ သင်တန်းသားအားလုံးကိုယ်စား သင်တန်းသား ခွန်ခွရျူးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူအားလုံးကိုယ်စား သင်တန်းသူ နန်းနှောင်းနန်းမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းမှူးခွန်ကျော်ထွန်းမှ သင်တန်းသားသင်တန်းသူများကို အနာဂါတ်လွယ်ဆံဆစ်ရွာ သာယာလှပဖို့၊ ပိုမိုစည်းလုံးဖို့အတွက် မည်သို့မည်ပုံသွားရမည်ကိုညွန်ပြကာ အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများနှုတ်ဆက်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများမှ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရန်အတွက် “ထွိုင်ခန်းလဲုင်းနီပအိုဝ်းသီချင်း၊ ခွန်ခမ်းဟောဝ်ရတနာ သီချင်းနှင့် ကျိုစာထဲင်းဝင်နောသီချင်း” များကို သံပြိုင်သီဆိုခြင်းအစီအစဉ်နှင့် ပအိုဝ်းရိုးရာအကများ ဖြင့် ကပြဖျော်ဖြေကြကာ ညနေ(၆း၃၀)နာရီအချိန်တွင် သင်တန်းအောင်ပွဲအခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် လွယ်ဆံဆစ်အရှေ့ရွာ၊ မြောက်ရွာနှင့် အနောက်ရွာမှ သင်တန်းသား၊ သင်တန်းသူ(အချိန်ပြည့်) စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် ယခုဖွင့်လှစ်သော သင်တန်းတွင် (၈)တန်း၊ (၉)တန်းနှင့် (၁၀)တန်း ကျောင်းသား/သူများ ပါဝင်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့် ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ သင်တန်းနည်းပြများဖြစ်သော ခွန်ကျော်ထွန်း၊ ခွန်ရဲအောင်၊ ခွန်ကျော်ခေါင်၊ နန်းခမ်းဆွဲနှင့် နန်းလှကြည်တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်းနှင့် ယခု သင်တန်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့ ဦးဆောင်၍ ဖွင့်လှစ်သော ဒုတိယအကြိမ်မြှောက် ခေါင်းဆောင်မှု(Leadership) သင်တန်းဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းမျိုးကို ပအိုဝ်းလူမျိုးအများစုနေထိုင်ရာဒေသများတွင် ဆက်လက်ဖွင့်လှစ်ရန်အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,

Powered by Blogger.