Sunday, May 7, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၇) ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့ ၂၀၁၇ ခုနှစ်၊ မေလ(၇)ရက်၊ တနင်္ဂနွေနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင်  မကြာခင်ကျင်းပမည့် ဒုတိယအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံညီလာကြီး၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ကိုယ်စားလှယ်အနေဖြင့် ပအိုဝ်းအမျိုးသားအရေးကို တင်ပြဆွေးနွေးနိုင်ရန်အတွက် ပြင်ဆင်ရမည့် စာတမ်းများ၊ သွားရောက်ဆွေးနွေးမည့် ပုဂ္ဂိုလ်များကိုရွေးချယ်ပြီး ပအိုဝ်းအမျိုးသားအခွင့်အရေးနှင့် ပတ်သက်၍ဆွေးနွေး တိုင်ပင်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် သဘာပတိအဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားခွန်မောင်တုတ်က အဖွင့်အမှာစကား ပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌဖြားခွန်စံလွင်က မိန့်ခွန်းစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဖြားခွန်မောင်သောင်းက အစည်းအဝေး ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြားခွန်တင်ထွဋ်က ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ခဲ့မှုအပေါ် ရရှိလာသော အကျိုးတရားများ၊ အခက်အခဲများ၊ အားနည်းချက်များကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်တို့က ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံညီလာခံ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ကာ သဘာပတိ ဖြားခွန်မောင်တုတ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.