Tuesday, June 27, 2017

တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ တောင်ပြိုရွာတွင် ဘုရားထီးတင်ပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်



၂၀၁၇-ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာတွင် သိက္ခာတင်ပွဲ၊ ထီလိတ်ကျောင်းဆရာတော်ဘဒ္ဒန္တ၀ါယာမိန္ဒမွေးနေ့ပူဇော်ပွဲနှင့် ဆုတောင်းပြည့်ဓါတ်တော် စေတီတော် ထီးတင်ပွဲကို ယနေ့နံနက်(၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆုတောင်းပြည့်ဓါတ်တော်စေတီတော်ကြီးသည် နှစ်ပေါင်းသုံးရာကျော်ခန့်က ဓါတ်တော်စု ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ဖြစ်ပြီး သာသနာတော်နှစ်-၂၅၆၁-ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၉-ခုနှစ်၊ ၀ါဆိုလဆန်း(၄)ရက်နေ့တွင် ဇလဲကျောင်းတိုက် မဟာထေရ်ဆရာတော်ကြီး ဘဒ္ဒန္တသုဝဏ္ဏ၊ ထီလိတ်ကျောင်းတိုက်မဟာထေရ်ဆရာတော်ကြီး ဘဒ္ဒန္တသုမင်္ဂလ၊ သံလွန်းကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဂုဏိဿရ၊ ကျောက်ဆည် မဟာဂန္ဓာရုံဆရာတော်ကြီးဘဒ္ဒန္တ ကုသလာဘိဝံသနှင့် အနန္တေကျးဇူးရှင်များ၊ ခေတ်အဆက်ဆက်မှ ကုသိုလ်ရှင်များကို ဦးထိပ်ထားလျှက် ထီလိတ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ၀ါယာမိန္ဒ ဦးဆောင်ပြီး တပည့်ဒါယကာ ဒါယိကာများနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်တို့ စုပေါင်းကုသိုလ်ဖြင့် ပြုပြင်မွမ်းမံ ကုသိုလ်ယူ ပူဇော်ကြရာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သမိုင်းဝင်ဆုတောင်းပြည့်ဓါတ်တော်စေတီကို ပြန်လည်ပြုပြင်မွမ်းမံရခြင်းနှင့် ပတ်သက်၍ တောင်ပြိုကျေးရွာနှင့် ရပ်နီးရပ်ဝေးမှ မိဘပြည်သူများအနေဖြင့် ကုသိုလ်တရားပွားများနိုင်တော့မည်ဖြစ်ကြောင်း၊ ၀ါတွင်းကာလ သက်ကြီးရွယ်အိုများ ဥပုသ်သီလဆောက်တည်နိုင်တော့မည်ဖြစ်၍ အလွန်ဝမ်းမြောက်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း နယုန်လပြည့်နေ့တွင် ဘုရားပွဲကျင်းပနိုင်ရန် အစီအစဉ်ရှိကြောင်း၊ မိမိတို့အနေဖြင့် တိမ်မြုတ်နေသော သမိုင်းဝင်စေတီပုထိုးများကို ဆက်လက်ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးများ ရှေးပဝေသဏီခေတ်ကပင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း သမိုင်းပညာရှင်များ လေ့လာသည့်အခါတွင် သိရှိနိုင်ရန်အတွက် ရှေ့မူမပျက် ရှေးဟောင်းစေတီတော်များကို မွမ်းမံသွားမည်ဖြစ်ကြောင်း မော်ထွက်ငဲနှင့် ထီလိတ်ကျောင်းဆရာတော်တို့ ပြောကြားချက်အရ သိရှိရပါသည်။

တတိယအကြိမ်မြောက် ပြန်လည်ပြုပြင်ရာမှာ နှစ်ဆယ်လေးပေ စေတီတော်ကို လေးဆယ်တစ်ပေ စေတီတော်အဖြစ် ပြုပြင်ပြီး မနက်ပိုင်းတွင်ထီတော်တင်လှူပြီး နေ့လည်(၁း၃၀)အချိန်တွင် တောင်ကြီးမြို့၊ အေးစေတီပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တလက္ခဏသာမီဘိဝံသ (အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)  အထံတွင် တရားတော်များ နားယူခဲ့ကြသည်။

ယနေ့ထီတော်တင်ပွဲတွင် ပင့်ကျောင်း(၆၀)ကျောင်း၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ ဒေသခံမိဘပြည်သူများ တစ်ထောင်ကျော် ကျွရောက်ပူဇော်ခဲ့ကြပြီး တောင်ပြိုကျေးရွာသည် အခြေခံပညာမူလတန်း(လွန်)ကျောင်း တစ်ကျောင်း၊ အိမ်ခြေပေါင်းနှစ်ရာခုနှစ်ဆယ်ရှိကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.