Thursday, June 22, 2017

ညောင်ရွှေတွင် ဖက်ဒရယ်စနစ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၂) ရက်






Global Affairs Canada၏ ထောက်ပံ့မှုဖြင့် Forum of Federations၊ EBO Myanmar၊၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ၊ New Generations (Shan State) တို့ ပူးပေါင်း၍ ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊ ဇွန်လ(၂၀)မှ(၂၁)အထိ ညောင်ရွှေမြို့နယ်၊ GIC-1 ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်း၊ ပအိုဝ်း၊ အာခါ၊ လားဟူ၊ လီဆူ၊ ဓနု၊ အင်းသား စသော တိုင်းရင်းသားများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာ၌ ကျင့်သုံးနေသော ဖက်ဒရယ်စနစ်များ၊ ဖက်ဒရယ်စနစ်တွင် ကြုံတွေ့ရသော လူနည်းစုပြဿနာများ၊ အာဏာခွဲဝေမှုပြဿနာများ၊ စိန်ခေါ်မှုများ၊ မတူကွဲပြားမှုများ၊ ပြည်နယ်သစ်ပေါ်ထွန်းခွင့်များ၊ ဘဏ္ဍာရေးနှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှုများစသော ကဏ္ဍများကို အိန္ဒိယနိုင်ငံ ဒု-ပါမောက္ခ Sandeep Shastri ကိုယ်တိုင်လာရောက်ဆွေးနွေးခဲ့ပါသည်။

ထိုသို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ရခြင်းမှာ ဖက်ဒရယ်စနစ် ၀ိသေသလက္ခနှင့် ကျင့်စဉ်တရားအကြောင်းကို ပိုမိုနားလည်စေရန်၊ ဖက်ဒရယ်စနစ်ကျင့်ထုံးနှင့် ကျင့်စဉ်များ ပိုမိုသဘောနားလည်လာစေရန်၊ နိုင်ငံတကာ အတွေ့အကြုံများမှ မိမိတို့မြန်မာနိုင်ငံနှင့် သင့်လျော်မည့်ပုံစံများ ရရှိစေရန်၊ ဖက်ဒရယ်ပုံစံအမျိုးမျိုးကို ပိုမိုနားလည်စေရန်၊ မြန်မာနိုင်ငံနှင့်ကိုက်ညီမည့် ဖက်ဒရယ်စနစ်ကို ပုံဖော်လာနိုင်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကျင့်စဉ်များ ပိုမိုနားလည်စေရန်နှင့် ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေး ဆက်စပ်မှုများကို သိမြင်လာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.