Monday, June 26, 2017

ပအိုဝ်းဒေသ မိုးရာသီတွင် ပျိုးပင်ပေါင်း (၂)သိန်းကျော် စိုက်ပျိုးသွားရန်ရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆) ရက်





ပအိုဝ်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇွန်လ(၂၆)ရက်၊ တနင်္လာနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းဒေသ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် ပတ်သက်၍ အစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ပအိုဝ်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဖြားခွန်တင်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန၊ တောင်ကြီးမြို့နယ်၊ တောအုပ်ကြီး ဦးဇော်ကိုကိုဝင်း၊ ကျောက်တလုံးကြီးမြို့နယ်၊ သစ်တောဦးစီးဌာန တာဝန်ခံ ဆရာစောဖိုးထူးနှင့် တောင်ကြီး၊ ကျောက်တလုံး၊ ညောင်ရွှေ၊ ပင်လောင်း၊ နောင်တရား၊ ဟိုပုံး၊ ဆီဆိုင်စသည့် မြို့နယ်မှ တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး၌ ယခုနှစ် ပအိုဝ်းဒေသတွင် သစ်ပင်ပျိုးပင်ပေါင်း (၂)သိန်းကျော် စိုက်ပျိုးသွားမည်ဟု သိရှိရပါသည်။

ထိုအစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောက်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဖြားခွန်တင်ထွဋ်က မိမိတို့ပအိုဝ်းဒေသတွင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ၂၀၁၆-ခုနှစ်တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ မိုးရာသီသစ်ပွဲစိုက်ပျိုးမှုများ ပြုလုပ်ဆောင်ရွက်ကြောင်း၊ အရင်နှစ် ၂၀၁၆-ခုနှစ်တွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို  တောင်ကြီးမြို့နယ်၊ လွယ်ကောင်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့ပြီး အခြားသော မြို့နယ်များတွင်လည်း သစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ပအိုဝ်းဒေသ၌ ပျိုးပင်များ စိုက်ပျိုးရန်အတွက် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း(၂)သိန်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ဒီနှစ်၂၀၁၇၊ ဇူလိုင်လ(၅)ရက်နေ့တွင် စုပေါင်းသစ်ပင် စိုက်ပွဲတော်ကို နောင်ကားကျေးရွာ၊ ဘောလုံးကွင်း အရှေ့ဘက်တွင် ပြုလုပ်သွားမည်ကြောင်း၊ အခြားသော မြို့နယ်များတွင်လည်း မြို့နယ်အလိုက် မိမိတို့သတ်မှတ်ထားသော နေရာများ၌ အဆိုပါ ဇူလိုင်လ(၅)ရက်နေ့တွင် ပါဝင်စိုက်ပျိုးနိုင်သကဲသို့ အချို့အခက်အခဲရှိသော နေရာများတွင် အဆင်သလို စိုက်ပျိုးနိုင်ပါကြောင်း ပြောကြားခဲ့သည်။

တောင်ကြီးမြို့နယ်၊ တောအုပ်ကြီး ဦးဇော်ကိုကိုဝင်းကလည်း မိမိတို့ သစ်တော်ဦးစီးဌာနသည် နှစ်စဉ်နှစ်တိုင်း သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း၊ ပြီးခဲ့သော ရက်ပိုင်းတွင် နောင်တောင်း ပရဟိတ ဘုန်တော်ကြီးကျောင်းနှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ သစ်ပင်စိုက်လိုပါက ပျိုးပင်များကို ထုတ်ပေးနေကြောင်း၊ မိမိတို့ဦးစီးဌာန၏ စီမံချက်အရ စနေ၊ တနင်္ဂနွေနေ့တွင် ပျိုးပင်များ လှည့်လည်ဖြန့်ပေးသည်များ ရှိကြောင်း၊ သစ်ပင်များ စိုက်ပျိုးလိုပါက မိမိတို့ကူညီရန် အသင့်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် ပြည်သူများ လက်တွဲပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူများပါဝင်မှ သာလျှင် သစ်ပင်စိုက်ပျိုးနည်းများကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း လာရောက်ဆွေးနွေး အကြုံပြုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပအိုဝ်းဒေသ သစ်ပင်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ ကြုံတွေ့နိုင်သော ပြသာနာများ၊ စိုက်ပျိုးမည့်နေရာများ၊ စိုက်ပျိုးမည့် အပင်အမျိုးအစားများ၊ စိုက်ပျိုးမည့် အပင်အရေအတွက်များကို အပြည်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဒီကနှစ် ပအိုဝ်းဒေသတွင် ထောပတ်၊ ပင်စိမ်း၊ သရက်၊ ချယ်ရီ၊ ခါတော်မီ၊ မယ်စလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ရေသင်းဝင်၊ ကံ့ကော်၊ ရေမနီ၊ ကျွန်းသစ် စသော ပျိုးပင်များ ပါရှိကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;




Powered by Blogger.