Tuesday, June 6, 2017

မိခင်ဘာသာစကားထိန်းသိမ်းရန်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၇) ရက်


လူမျိုးတစ်မျိုး၊ မျိုးနွယ်တစ်စု၏ ဂုဏ်အင်္ဂါလက္ခဏာသည် ဘာသာစကားလည်း တစ်မျိုးအပါအဝင်ဖြစ်သည်ကို မျိုးနွယ်ရှိသောလူမျိုးတိုင်းခံယူကြပါသည်။ မိခင်ဘာသာစကားကို ထိန်းသိမ်းခြင်းမရှိဘဲ ပျောက်ကွယ်သွားမည်ဆိုလျှင် လူမျိုးသည်လည်း ပျောက်ကွယ်သွားရန် လွယ်ကူသွားမည်ဖြစ်သည်။ ထို့ကြောင့် မိမိလူမျိုး၊ မိမိမျိုးနွယ် မပျောက်ကွယ်မပပျောက်စေရန် အရေးကြီးအချက်တစ်ချက်ဖြစ်သော မိမိဘာသာစကားကိုလည်း ထိန်းသိမ်းရန် အထူးလိုအပ်မည်ဖြစ်သည်။

ထိုသို့ထိန်းသိမ်းရန် မည်သူတွင်တာဝန်ရှိမည်နည်း။ တာဝန်ရှိလူကြီးမင်းများလော့။ တာဝန်ရှိ မျိုးချစ်ရဟန်းသံဃာများလော့၊ လူကြီးလူကောင်းများ၏တာဝန်လော့။ လူငယ်လူရွယ်များ၏တာဝန်လော့။ ဟူသောတာဝန်ခွဲဝေထမ်းဆောင်မှုကားများကို တွေးတောခွဲခြားနေမည့်အစား မိမိလူမျိုး၏တာဝန်ကို မိမိ၏တာဝန်အဖြစ်ခံယူပြီး ကျေပွန်စွာထမ်းဆောင်နေလျှင် ထိန်းသိမ်းစေမည့်အရာများဖြစ်စေပါသည်။ လူကြီးမင်းများကလည်း ဤအရေးတာဝန်သည် “လူငယ်များ၏တာဝန် ငါတို့နဲ့မဆိုင်ဘူး သူတို့လုပ်လိမ့်မယ်” ဟူသို့၍မတွေးဘဲ လူငယ်များကလည်း လူကြီးများတာဝန်ဘဲ ငါတို့နဲ့မဆိုင်ဘူး “ စသော အတွေးမျိုးမထားဘဲ ငါတို့လူမျိုး ၊ ငါတို့ဘာသာစကားတည်မြဲကျယ်ပြန့်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စိတ်နှလုံးသွင်းပြီး ထမ်းဆောင်ကြသော တာဝန်သိပြည်သူတစ်ရပ်ဖြစ်သင့်ပါသည်။

ပအိုဝ်းလူမျိုးဖြစ်လျှင် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးသည် မိမိဘာသာစကား၊ လူမျိုးစရိုက်လက္ခာဏာအရပ်ရပ်ကို ထိန်းသိန်းရန်တာဝန်ရှိနေသည်။ ထိန်းသိမ်းခြင်းဟုဆိုရာတွင် ပအိုဝ်းစကား ကို CD၊ VCD၊ DVD စသောအရာပစ္စည်းများအတွင်းသို့ အသံကိုသွင်းယူပြီးထိန်းသိမ်းကြမည်လား၊ ထိုသို့နည်းဖြင့်ထိန်းသိမ်းမည်ဆိုလျှင် မှားမည်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း (၂)မျိုးရှိသည်။ (၁) ပြောဆိုခြင်း၊ (၂) အလေးထားခြင်း ဟူ၍ဖြစ်သည်။

ပြောဆိုခြင်းဟူသည်မှာ- မိမိသည်ပအိုဝ်းလူမျိုးဖြစ်သည်။ ပအိုဝ်းလူမျိုးဖြစ်၍ မိမိအသက်ရှင်နေထိုင်ရန် လည်ပတ်စီးဆင်းနေသော သွေးသားသည်လည်း ပအိုဝ်းမျိုးရိုးမှ ဖြစ်တည်သော ခန္ဓာကိုယ်ဖြစ်သည်။ ထိုသို့ ပအိုဝ်းသွေးသားနှင့်တည်ဆောက်သော မိမိသည် ပအိုဝ်းစကားကို ပြောဆိုခြင်းမရှိလျှင် ပအိုဝ်းလူမျိုး ပျောက်ကွယ်စေရန် လုပ်ဆောင်သောနည်းလမ်းပင်ဖြစ်သည်။ မိမိပအိုဝ်းစကားကို မိမိတို့ပအိုဝ်းလူမျိုးက ပြောဆိုခြင်းမရှိလျှင် မည်သူ၊ မည်သည့်လူမျိုးက ပအိုဝ်းစကားကို ပြောဆိုမည်နည်း။ အခြားသောလူမျိုးလည်း သူတို့၏ဘာသာစကားကိုသာပြောဆိုကြမည်မဟုတ်ပါလော့။ ထိုသို့အတိုင်း မိမိတို့ပအိုဝ်းလူမျိုးသည် ပအိုဝ်းစကားကို ပြောဆိုရန် လိုအပ်သည် မဟုတ်ပါလော့။

ခေတ်စနစ်တိုးတက်ပြောင်းလဲလာမှုကြောင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှုလွယ်ကူလာသောကြောင့်လည်း ရောထွေးနေထိုင်ပြောဆိုမှုများပြားလာသော ခေတ်တစ်ခုအတွင်း ရောက်ရှိလာပြီဖြစ်သည်။ မည်သို့ပင်ရောထွေးနေစေကာမူ မိမိလူမျိုးစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမည်ဖြစ်သည်။ မိမိသည်သာတာဝန်ရှိသည်။ ထိုသို့ခေတ်စနစ်ကြောင့် ထိန်းသိမ်းရန် အတော်ပင် ခက်ခဲနေပေသည်။ ထိန်းမနိုင်၊သိမ်းမရသောအခြေနေသို့ ရောက်ရှိနေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့ ပအိုဝ်းလူမျိုးအချင်းချင်း တွေ့ဆုံသောအခါတွင်ဖြစ်စေ၊ နှီးနှောတိုင်ပင်ရာတွင်ဖြစ်စေ၊ ဆွေးနွေးပွဲပြုလုပ်ကျင်းပ ရာတွင်ဖြစ်စေ အတတ်နိုင်ဆုံး မိမိဘာသာစကားဖြင့်ပြောဆိုဆွေးနွေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ခွန်နွောင်လို့” ရေးသားထားသောသီချင်းစာသားအတိုင်း “ နီမဉ်းသွဉ်ထူးဗွိုန် နီပအိုဝ်းလိတ်မ၊ နီမဉ်းကွဉ်ကဗွိုန်း နီပအိုဝ်းခွမ်လာမ၊ နီမဉ်းဒေါ့ဖြောဝ်းဗွိုန်း နီပအိုဝ်းငေါဝ်းမ ဝင်ဟဲ့ အရက်ချာခွို” ဟူသည့်အတိုင်း ပအိုဝ်းအရေး ဆွေးနွေးရာတွင် ထိုသို့ပြောဆိုဆွေးနွေးခြင်းဖြင့် ထိန်းသိမ်းရန်နည်းလမ်းတစ်ခုရရှိနိုင်ပါသည်။

အလေးထားခြင်းဆိုရာတွင် အချင်းချင်းစကားပြောဆိုရာတွင် ပအိုဝ်းစကားဖြင့်ပြောကြားခြင်း၊ မိမိလူမျိုးအဖွဲ့အစည်းအချင်း စာအရေးအသားဖြင့်ချိတ်ဆက်ရာတွင် မိမိစာဖြင့် အပြန်အလှန်ပေးပို့ခြင်း စသဖြင့်ပြုလုပ်သင့်ပါသည်။ ယခုခေတ်အခြေနေအရ ပအိုဝ်းလူမျိုးဖြစ်သော်လည်း ပအိုဝ်းစကားမတတ်ခြင်း၊ ပအိုဝ်းစာမရေးတတ်ခြင်း များစွာရှိနေပါသည်။ တစ်နည်းအားဖြင့် ပအိုဝ်းလူမျိုးဖြစ်တိုင်း ပအိုဝ်းစကား မတတ်ခြင်း၊ ပအိုဝ်းစကားတတ်တိုင်း ပအိုဝ်းလူမျိုးမဟုတ်ပါ၊ ယခုခေတ်ပအိုဝ်းလူငယ်များသည်လည်း ပအိုဝ်းစကားပြောဆိုရာတွင် ဗမာစကားကြားညှပ်၍ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ ဥပမာ- စာရေးသည်ကို “ တဲမ်းလိတ်”ဟု ပြောရမည့်အစား” ရေးလိတ်”ဟု ပြောဆိုနေကြပါသည်။

ထိုသို့ဖြစ်ရခြင်း၏အကြောင်းတရားများမှာ- ခေတ်ကြောင့်လော့၊ လူကြောင့်လော့။ စဉ်းစားရပေမည်။ တစ်ချို့လူကြီးဂ္ဂိုလ်များက “ခုခေတ်ကလေး ဒီလိုဖြစ်ရတာ ခေတ်ကြောင့်” ဟုပြောဆိုနေကြပါသည်။ အမှန်စင်စစ်တွေးတောလျှင် လူငယ်များသာမက လူကြီးများလည်း ပအိုဝ်းစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သည်ကို တွေ့နေရပါသည်။ အကြောင်းရင်းမှာ- မြို့တွင်မွေးဖွားကြီးပျင်းသော လူများသာအဓိက ကျနေပေသည်။ ပအိုဝ်းစကားကို မကျွမ်းကျင်၍ “ဗမာစကား၊ အခြားစကားကို ကောင်းကောင်းမွန်မွန် တတ်ကျွမ်းသလား” ဟုဆိုသော်လည်း မကျွမ်းကျင်ပါ။ ထို့ကြောင့် ခေတ်စနစ်ကြောင့်ဟု ပြောဆိုလျှင် ခေတ်သည်လည်း လူများကသာ ပြုပြင်ပြောင်းလဲခြင်းမဟုတ်ပါလော့။ လူကသာ အဓိကအခြေခံရမည့်မူ များရေးဆွဲနိုင်သည်မဟုတ်ပါလော့။

လူများသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ အရင်မွေးဖွားသောသူသည် လူကြီးဖြစ်၍ နောက်တွင် မွေးဖွားသောသူသည် ကလေးများမဟုတ်ပါသလော့။ လောကနိယာမသဘောအရ “လူကြီးများ၏ လုပ်ဆောင်ချက်ကို လူငယ်များက လိုက်လံလုပ်ဆောင်ရမလား” “ လူငယ်များ၏ ဦးဆောင်မှုကို လူကြီးများက နောက်လိုက်လုပ်ဆောင်ရသလား” ဆိုသောသဘာဝကျကျတွေးတောမည်ဆိုလျှင် အဖြေမှန်ပေါ်ပေါက်လာပါမည်။ ထိုသို့တွေးတောပြီး ဘယ်အရပ်ဒေသကိုရောက်ရှိနေပါစေ မိခင်စကားကို အမြဲတစေပြောဆိုရန် ခက်ခဲမှုရှိနေတတ်သည်ကို နားလည်သဘောပေါက်ပါသည်။ မိမိ၏ဆိုလိုရင်းမှာ ပအိုဝ်းလူမျိုးအချင်းချင်း ပြောဆိုဆက်ဆံရာတွင် ပအိုဝ်းစကားပြောဆိုပြီး ၊ စီပွားရှာပြင်ပလောက ရောက်ရှိနေချိန်တွင်လိုအပ်မှုအရ တစ်ခြားဘာသာစကားဖြင့်ပြောဆိုရမည်ဖြစ်ပေသည်။ သို့သော် မိသားစုများနှင့် တွေ့ဆုံရသော အချိန်ကာလတွင် မိခင်ဘာသာစကားကိုပြောဆိုခြင်းဖြင့် မျိုးချစ်စိတ်ကို အရင်းခံပြီး ထိန်းသိမ်းစေလိုပါသည်။ မိမိ၏ဘဝသင်ခန်းစာပေးဆရာတစ်ဦး၏ ဆိုဆုံးမစကားအရ “ ပအိုဝ်းလူမျိုးဖြစ်ပြီး ပအိုဝ်းစကားမတတ်တာက ရှက်စရာကောင်းပါတယ်၊ ပအိုဝ်းလူမျိုးဖြစ်လို့ ဗမာစကား၊ တစ်ခြားလူမျိုးစကားမတတ်တာ ရှက်စရာမဟုတ်ဘူး ၊ ကဲ့ရဲ့စရာမဖြစ်ဘူး” ဟူ၍ မျှဝေဖော်ပြရင်း ဤဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.