Sunday, June 18, 2017

လွိုင်ကော်မြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၈) ရက်







၂၀၁၇ခုနှစ်၊ ဇွန်လ(၁၈)ရက်၊ တနင်္ဂနွေနေ့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဂေါတမရပ်ကွက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို နံနက်(၈း၄၅)မိနစ်တွင် စတင်ခဲ့ပြီး အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သန်းထူး၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)(၂) ခွန်လှဆန်း၊ ခွန်စောအောင်၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်(၂) ခွန်လှသိန်း၊ ဖြားဗွာခမ်း ခမ်းဗွေ ဖြားခွန်မြင့်အောင်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ရပ်မိရပ်ဖတို့က ဆိုင်းဘုတ်သစ်ကို တက်ရောက် အမွှေးနံ့သာပက်ဖျန်းခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ယနေ့မိမိတို့မြန်မာ နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်နှင့်အမျှ ပြည်သူများသည် မိမိတို့လိုအပ်ချက်များကို လွတ်လပ်စွာ တင်ပြနိုင်ကြောင်း၊ ကယားပြည်နယ်တွင် နေထိုင်ကြသော မိမိတို့ပအိုဝ်းလူမျိုးများသည် မိမိတို့၏ အခွင့်အရေးများကို တင်ပြနိုင်ရန်အတွက် အဖွဲ့အစည်းရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အခုဖွင့်လှစ်ထားသော ရုံးသည် နိုင်ငံတော် ဥပဒေဘောင်အတွင်း မိမိတို့၏ အခွင့်အရေးများကို ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ရခြင်းဖြစ်ပြီး အခြားသော ရည်ရွယ်ချက်များမရှိပါကြောင်း အမှာစကားပြောကြားပါသည်။

ထို့နောက် လွိုင်ကော်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဖြားခွန်အုန်းဖေလေးက ပါတီရုံး ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရုံးသုံးရံပုံငွေအတွက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံးချုပ်မှ အလှူငွေ ကျပ်သိန်း(၂၀)နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းပြီး ဆရာတော်များထံမှ သြ၀ါဒခံယူ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဂေါတမ၊ မိုင်းလုံး၊ ရွှေတောင်၊ ပန်ကန်း စသော ရပ်ကွက်များတွင် ပအိုဝ်းလူမျိုးအများအပြားနေထိုင်ကြပြီး ကယားပြည်နယ်တစ်ခုလုံးတွင် ပအိုဝ်းလူဦးရေ (၁၂၀၀၀)ဦးကျော် ရှိကြောင်း သိရှိရပါသည်။

နဂါ့ခွန်





Powered by Blogger.