Monday, July 3, 2017

(၆)ဘာသာဂုဏ်ထူးရှင် နန်းမြခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃) ရက်



မေး။ ညီမလေးအမည်၊ အမေမိဘနှစ်ပါးရဲ့ အမည်နေရပ်လိပ်စာ ပြောပြပေးပါဦး။
ဖြေ။ နန်းမြခင်ပါရှင့်၊ သမီးရဲ့မွေးသဖခင်ကတော့ ဦးခွန်လှဆွေဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်နန်းမိပါ။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ထီရွေရွာမှာနေပါတယ်ရှင့်။

မေး။ ညီမလေး ဆယ်တန်းကို ဘယ်ကျောင်းမှာတက်ခဲ့ပြီး အောင်မြင်ခဲ့သလဲ။
ဖြေ။ အောင်ပန်းမြို့ မြတ်မြင့်မိုလ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အောင်မြင်ခဲ့ပါတယ်ရှင့်။

မေး။ ညီမလေးရသွားတဲ့ (၆)ဘာသာဂုဏ်ထူးအမည်နဲ့ဖြေဆိုအောင်မြင်ခဲ့တဲ့ခုံနံပါတ်ပြောပြပေးပါ။
ဖြေ။ ညီမလေးဂုဏ်ထူးရဘာသာကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ဓာတုဗေဓ၊ ရူပဗေဒ၊ ဇီဝဗေဒ တို့ဖြစ်ပြီး ခုံနံပါတ် ရအစ- ၆၁၉ နဲ့ ဖြေဆိုအောင်မြင်ခဲ့ပါတယ်ရှင့်။

မေး။ ညီမလေးဒီလို (၆)ဘာသာဂုဏ်ထူးရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။
ဖြေ။ ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး စာကိုပုံမှန်ကျက်တယ်၊ အကြွေးမထားဘူး၊ အချိန်မှန်မှန်အိပ်တယ်၊ ပုံ
မှန်ပဲကြိုးစားခဲ့ပါတယ်ရှင့်။

မေး။ ညီမလေးဂုဏ်ထူးရတာ ဘယ်သူ့ကြောင့်လို့ထင်လဲ။
ဖြေ။ ကိုယ်ကိုတိုင်လဲ ကြိုးစားတယ်၊ မိဘလဲ လိုလေသေးမရှိအောင်ဂရုစိုက်အားပေးတယ်၊ ဆရာ/မများရဲ့ သွန်သင်ဆုံးမမှုကိုလဲ အစဉ်လိုက်နာတယ်၊ ကံကြောင့်လဲ ပါပါတယ်လို့ထင်ပါတယ်။

မေး။ ညီမလေး ဘာကျောင်းဆက်တက်ဖို့စဉ်းစားထားလဲ။
ဖြေ။ ဆေးကျောင်းတက်ချင်တယ်၊ ၀ါသနာပါတယ်၊ ငယ်ငယ်လေးကတည်းကစိတ်ကူးယဉ် အိပ်မက်ခဲ့တယ်၊ ဆေးကျောင်းတက်ချင်တာရှင့်။

မေး။ ကျောင်းပြီးရင် ညီမလေးဘာလုပ်ဖို့စိတ်ကူးထားလဲ။
ဖြေ။ မစဉ်းစားသေးဘူး၊ ကိုယ်တတ်ကျွမ်းတဲ့ဘာသာရပ်ပေါ်မူတည်တယ်ရှင့်။
မေး။ ညီမလေးဒီလိုဂုဏ်ထူးရတာ ကိုယ့်ကိုဘယ်လိုခံစားရလဲ။ အားရကျေနပ်မှုရှိလား။
ဖြေ။ ပျော်တော့ပျော်တယ်၊ အားရကျေနပ်မှုမရှိဘူး၊ ညီမလေးက ဆေးကျောင်းတက်ချင်တာ ဆေးမှတ်က (၅၀၀)ကျော်မှ တက်လို့ရမှာလေ၊ ညီမလေးက (၄၉၀)မှတ်ဘဲရတာဆေးမမှီဘူး၊ ဆေးကျောင်းအရမ်းတက်ချင်တယ်။

မေး။ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ပအိုဝ်းမောင်ငယ်၊ ညီမငယ်လေးတွေ ညီမလေးလို (၆)ဘာသာ ဂုဏ်ထူးရအောင် ဘယ်လိုကြိုးစားရသလဲဆိုတာ အကြံပေးပါဦးလား။
ဖြေ။ မိဘ၊ ဆရာ၊ ဆရာမများရဲ့ သွန်သင်ဆုံးမမှုကိုလိုက်နာပါ၊ ကိုယ်ကိုယ်တိုင်လဲ ကြိုးစားပါ၊ လုံ့လ၊ ၀ီရိယ ထားကြိုးစားအားထုတ်ပါ၊ စာကိုပုံမှန်လုပ်သွားပါ၊ ကျန်းမာရေးဂရုစိုက်ပါလို့ အကြံပြုချင်ပါတယ်ရှင့်။

မေး။ ဆယ်တန်းမှာ(၆)ဘာသာဂုဏ်ထူးနဲ့ရတယ်နော် အခြေခံအတန်းတိုင်းလဲ ဆုရမှာဘဲနော်။
ဖြေ။ ဟုတ်ကဲ့ရှင့်၊ သူငယ်တန်းကနေ န၀မတန်းအထိက ပထမဆုနှစ်တိုင်းရပါတယ်ရှင့်။

မေး။ မွေးချင်းဘယ်နှယောက်ရှိလဲ ညီမလေး။
ဖြေ။ (၂)ယောက်ပါ၊ ညီမလေးက အကြီးပါ။

မေး။ ဟုတ်ကဲ့ညီမလေး ခုလိုအကိုတို့သိလိုသမျှကို ဖြေကြားပေးတဲ့(၆)ဘာသာဂုဏ်ထူးရှင် နန်းမြခင်ကို ဂုဏ်ယူပါတယ်၊ အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ပြီး မိဘကျေးဇူး၊ လူမျိုးရဲ့ ကျေးဇူးကို သိတတ်တဲ့ ညီမငယ်လေးဖြစ်ပါစေ ကျေးဇူးအထူးတင်ရှိပါတယ် ညီမလေး နန်းမြခင်။

ဖြေ။ ဟုတ်ကဲ့ပါအစ်ကို ခုလိုပအိုဝ်းမိဘနှစ်ပါးကနေပြီး မွေးဖွားပေးလို့ ဆယ်တန်းမှာ ဘာသာစုံနဲ့ အောင်မြင် မှုကို လူအများသိရှိဂုဏ်ယူနိုင်စေရန် ပအိုဝ်းအမျိုးသား မီဒီယာမောင်းမွူးခံကိုလဲ ကျေးဇူးအထူးတင်ပါတယ်၊ ပအိုဝ်းသူလေး နန်းမြခင် (၆)ဘာသာနဲ့အောင်မြင်တာကို ကျေနပ်ပီတိဖြစ်ရပါတယ်၊ ပအိုဝ်းမိဘနှစ်ပါးရဲ့ ကျေးဇူးကိုလဲ မမေ့သလို ပအိုဝ်းဖြစ်ရတာကို ဂုဏ်ယူမဆုံးဘူး၊ ကျေးဇူးအထူးတင်ပါတယ်ရှင့်။

ခွန်တီးမောင်း(ပင်လောင်း)
Powered by Blogger.