Monday, July 17, 2017

MIS (ဂျပန်ကုမ္မဏီ)မှ တာဝန်ရှိသူများက MISသင်တန်းကျောင်းလျှောက်ထားသည့် သင်တန်းသား/သူများကို အင်တာဗျူးပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်






၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်၊ တောင်ကြီးမြို့ရှိပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် MIS (Mingalar Incubation School) သင်တန်းကျောင်းမှ တာဝန်ရှိသူများက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် MIS လျှောက်ထားသည့် သင်တန်းသား/သူများကို အင်တာဗျူးပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ဦးစွာပထမ မင်္ဂလာအင်ကျူဗေးရှင်းစကူးကျောင်းမှ မြန်မာပြည်တာဝန်ခံ ကိုကျော်ခိုင်က မင်္ဂလာအင်ကျူဗေးရှင်းစကူး၏ တစ်နှစ်တာသင်ကြားမှုနှင့် ရရှိနိုင်မည့်အခွင့်လမ်းများ၊ MIS သင်တန်းကျောင်း၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ အင်တာဗျူးလာရောက်ဖြေဆိုသော သင်တန်းသား/သူများကို အားပေးစကားပြောကြားပေးခဲ့ပါသည်။

ယခုအင်တာဗျူးသို့ လာရောက်ဖြေဆိုသောသင်တန်းသား/သူပေါင်းမှာ (၂၁)ဦးရှိပြီး သင်တန်းကာလမှာ ၂၀၁၇၊ စက်တင်ဘာ(၁)ရက်နေ့မှ ၂၀၁၈၊ သြဂုတ်လ(၁၀)ရက်နေ့ထိဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ MIS သင်တန်းကျောင်းသို့ သင်တန်းသား/သူ (၁၀)ဦးစေလွှတ်ထားပြီးဖြစ်သည်။

ယခုလို သင်ကြားခွင့်ရခြင်းမှာ ရခဲသည့်အခွင့်အရေးဖြစ်ကြောင်း၊ မိမိအနေဖြင့် အသုံးချတတ်ဖို့လိုအပ်သလို အဖွဲ့အစည်းကပေးတဲ့အခွင့်အရေး ကျောင်းကပေးသည့်အခွင့်အရေးများနဲ့ ထိုက်တန်အောင်ကြိုးစားဖို့လိုပါ ကြောင်း၊ ကိုယ့်အရည်အချင်းပေါ်မူတည်ပြီး အခွင့်အရေးများရလာမည်ဖြစ်ကြောင်း၊ ယခုသွားရောက်မည့် သင်တန်းသား/သူများအနေဖြင့် စည်းကမ်းပိုင်းများကို လိုက်နာပြီး သူများကြိုးစားတာထက် ၂-ဆ ၃-ဆ ကြိုးစားစေလိုကြောင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်တန်းသူတစ်ဦးဖြစ်သည့် နန်းခင်အုံမှ ပြောကြားခဲ့ပါသည်။

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး စားစရိတ်များအတွက်မူ လစဉ် (၆၀၀၀၀)ကျပ် ကျသင့်မည်ဖြစ်သည်။ ကျောင်းသား/သူများ၏ ကြိုးစားမှုအနေအထား၊ ပြေလည်မှုရှိခြင်း/မရှိခြင်းအနေအထားအပေါ်အခြေခံ၍ ကျောင်းသား/သူများ၏ စားသောက်မှုကုန်ကျစရိတ်၏ အချို့တစ်ဝက်အား (ထောက်ပံ့ကြေး)အနေဖြင့် လျှောက်ထားနိုင်ပြီး ထောက်ပံ့ကြေးရယူထားသော ကျောင်းသား/သူများသည် လစဉ် စာမေးပွဲများတွင် ရလဒ် (၈၀%)နှင့် အထက်တွင်ရှိရမည်ဖြစ်ပြီး၊ ရလဒ် (၈၀%) အောက်သို့ရောက်ရှိသွားပါက စားသောက်မှု ထောက်ပံ့ကြေးအား ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည်။

တစ်နှစ်တာပညာသင်ကြားမှုပြီးဆုံးသည့် သင်တန်းသား/သူများမှာ နည်းလမ်း(၂)သွယ်ကို ရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံအခြေစိုက် ဂျပန်ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိသည့်အခွင့်အလမ်းနှင့် ဂျပန်နိုင်ငံရှိ သက်မွေးကောလိပ်များတွင် အဓိကဘာသာရပ် အမျိုးအစား(၆၀)မှ မိမိစိတ်ဝင်စားရာကို ရွေးချယ်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းဖြစ်ကြောင်းသိရှိရသည်။

မွိုးပိုမူး (ခမ်းစန္တား)
Powered by Blogger.