Thursday, August 17, 2017

ပအိုဝ်းလူမျိုးတို့၏ အလံတော် သမိုင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်


ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းများစွာတည်ရှိသည်နှင့်အညီ နိုင်ငံတိုင်းတွင် နိုင်ငံ့ကိုယ်စားပြုအလံတော်ကို ပုံစံအမျိုးမျိုးဖြင့် သတ်မှတ်အသုံးပြုကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်လည်း ခေတ်အဆက်ဆက်တွင် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံ့ကိုယ်စားပြု အလံတော်ကို အသုံးပြုလျှက်ရှိပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်လျှက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည်လည်း လူမျိုးကိုယ်စားပြု အလံတော်ဟူ၍ ပုံစံ၊ အရွယ်အစားနှင့် အဓိပ္ပါယ်အမျိုးမျိုးဖြင့် သတ်မှတ်အတည်ပြုအသုံးပြုကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ တည်ရှိပြီး ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း ပြည်ထောင်စုဖွား၊ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်ရိုးရာဓလေ့ထုံးစံများဖြင့် လူမျိုးတစ်မျိုးတို့၏ ဂုဏ်အင်္ဂါလက္ခဏာရပ်များပြည့်စုံသော လူမျိုးတစ်မျိုး ဖြစ်ပါသည်။ ထို့အပြင် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားသည့် လူမျိုးကိုယ်စားပြုအလံတော် ဟူ၍လည်း ခေတ်အဆက်ဆက်တွင် ပုံစံ၊ အရွယ်အစားနှင့် အဓိပ္ပါယ်ပြည့်စုံစွာဖြင့် လူမျိုးကိုယ်စားပြု ကိုယ်ပိုင်အလံတော်များ တည်ရှိအသုံးပြုလျှက်ရှိသည်ကို ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့အား သိရှိစေလိုပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့ ပထမဦးဆုံး အသုံးပြုခဲ့သော အလံတော်မှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ် ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး အလံတော်ပင်ဖြစ်သည်။ ၎င်းအလံသည် အလျား (၉)ပေ၊ အနံ(၅)ပေ ရှိသော အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း အတွင်းတွင် အလံတော်တိုင်ရင်းဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံပါရှိသည်။

အလံတော်၏ အဓိပ္ပာယ်မှာ အစိမ်းရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့ နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သော သဘောကိုဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အားကြီးမား၍ လျင်မြန်သွက်လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်သော အစွမ်းရှိသည်ဟူ၍ ဂုဏ်အင်္ဂါလက္ခဏာပြည့်စုံစွာဖြင့် ပထမဦးဆုံး လူမျိုးကိုယ်စားပြု ကိုယ်ပိုင်အလံတော်ကို အသုံးပြုခဲ့ပါသည်။

ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ လွတ်လပ်ရေးရရှိရန် တိုင်းရင်းသားများနှင့် ပူးပေါင်းကာ ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်တွင် ပထမပဏာမပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင် ဒုတိယပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းဒေသ တိုင်းရင်းသားများနှင့် သဘောတူညီမှုရရှိခဲ့သည်။ ရှမ်းပြည်နယ်ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၆-ခုနှစ်တွင် တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု “ ပအိုဝ်;လွောင်;ဗူ;” အဖွဲ့ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဦးဘိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်;လွောင်;ဗူ;(ခေါ်)ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏ အလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။

၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်;လွောင်;ဗူ;(ခေါ်)ပအိုဝ်းစုစည်းအဖွဲ့အစား “ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်” အတိုကောက်အားဖြင့်(ပအမဖ)ကို အမည်ပြောင်း၍ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)သည် ဥက္ကဋ္ဌအဖြစ် ဗိုလ်ဟိန်မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခဲ့ကြသည်။

၁၉၅၀-ပြည့်နှစ်မှစ၍ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း(၈)ခန်းနှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏အချိုးမှာ အလျား(၉)ပေ၊ အနံ(၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက်(၂ ပေ၊ ၆ လက်မ)အောက်ခံသည် အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျားမှာ(၄ ပေ၊ ၆ လက်မ)၊ အနံမှာ(၂ ပေ၊ ၆ လက်မ)၊ အဖျားဘက် အနီရောင်၏ အလျားမှာ(၄ ပေ၊ ၆ လက်မ)၊ အနံမှာ(၂ ပေ၊ ၆ လက်မ)ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း(၁၈)လက်မရှိသော ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက်ဖြစ်သည်ဟူ၍ ဖော်ပြပါရှိခဲ့သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အလံတော်၏ အနက်အဓိပ္ပာယ် ဖော်ညွန်းချက်များမှာ ကြယ်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို ခရီးစဉ်အတိုင်း ရှေ့သို့သာဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ရှိခြင်းစသည့် အရည်အသွေးများရှိသည့်အပြင် ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုခြင်းဖြစ်သည်။

အဖြူရောင်သည် လမင်း၏ အရောင်ဖြစ်၍ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိပ်သည်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်းစသည့် အေးချမ်းသာယာတည်ငြိမ်သော သဘောကိုဆောင်သည်။ အဖြူရောင်သည် သောက၊ ဒုက္ခများကို ပြေပျောက်စေပြီး ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ စည်းကမ်းရှိသော၊ စည်းစနစ်ရှိသော အစွမ်းသတ္တိရှိသည်။

အစိမ်းရောင်၏ အဓိပ္ပာယ်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်းဖြစ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုတိုက်ဖျက်ခြင်း သဘောရှိသည့်အပြင် သစ္စာရှိသော၊ ကတိတည်သော၊ ကြင်နာဂရုဏာတရား ကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော၊ ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် စိတ်ချမ်းသာမှု၊ အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။

အနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ် အနိုင်ရလိုမှုစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောများ ဆောင်သည်။ အနီရောင်ကို ကြိုက်နှစ်သက်သောလူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြားတက်ကြွစွာလှုပ်ရှားလိုသူ၊ အတိုက်အခိုက် ၀ါသနာပါသူ၊ ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။

အပြာရင့်ရောင်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပာယ်ဆောင်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကိုဖြစ်စေပြီး စိတ်ပြေပျောက်မှုအသွင်ကို ဖန်တီးပေးနိုင်သည်။ အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျှင် အပြာရောင်ကို အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊ အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မှုကို မက်မောတတ်သော၊ ခံစားမှုများကို ထိန်းချုပ်နိုင်သော သဘောလည်းရှိသည်။ ထို့ကြောင့် အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏ မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊ အပြစ်ကင်းကင်းနေလိုသူများလည်း ဖြစ်တတ်ကြသည်။

အလံ၏အရွယ်အစားများမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်ပြီး အထက်ပါ ပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ညီလာခံမှ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

ထို့နောက် ၁၉၇၆-ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သော လုံးဒါညီလာခံတွင်  ယခင် ၁၉၅၀-ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏အလံကို ပအိုဝ်းတစ်မျိုးသားလုံးအလံတော်အဖြစ် ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ယနေ့တိုင် ပအိုဝ်းတစ်မျိုးသားလုံး ကိုယ်စားပြုသည့် အလံတော်အဖြစ် အမြတ်တနိုးတန်ဖိုးထား အသုံးပြုလာခဲ့ကြသည်။

ထို့ကြောင့် ၁၉၂၉-ခုနှစ်မှယနေ့အထိ ပအိုဝ်းလူမျိုးတို့အသုံးပြုခဲ့သော ပအိုဝ်းတစ်မျိုးသားလုံးကိုယ်စားပြုအလံတော်မှာ(၃)မျိုး ရှိခဲ့ပြီဖြစ်သည်ကို သိရှိစေလိုသောဆန္ဒ၊ ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော အလံတော်များ၏ အနက်အဓိပ္ပါယ်များကို သိရှိစေလိုသည့်ဆန္ဒနှင့် အမြတ်တနိုးတန်ဖိုးထား စေလိုသည့်ဆန္ဒဖြင့် “ပြည်ထောင်စုထဲကပအိုဝ်း” မှ အချက်အလက်များကို ကိုးကားပြီး ပြန်လည်မျှဝေလိုက်ရပါသည်။

ခွန်အာခမ်း
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.