Thursday, August 10, 2017

ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမ၀ါယမအသင်းစုချုပ်လီမိတက် (၂၀၁၆-၂၀၁၇) ဘဏ္ဍရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်





၂၀၁၇ခုနှစ်၊ သြဂုတ်လ (၁၁)ရက် နံနက်(၈) နာရီအချိန်တွင် တောင်ကြီးမြို့၊ သမ၀ါယမအသင်းစုချုပ် အစည်းအဝေးခန်းမ၌ ရှမ်းပြည်တောင်ပိုင်း/ အရှေ့ပိုင်း သမ၀ါယမအသင်းစုချုပ်လီမိတက်က (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံးကျော်မှ လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်သည့် အဖွင့်အမှာစကားကို ပြောကြားပေးခဲ့ပြီး အသင်းဝင်ရွာငံမြို့နယ်၊ သမ၀ါယမအသင်းစု ဥက္ကဋ္ဌဦးလှထွန်းက အသင်းဝင်ရွာငံမြို့နယ် သမ၀ါယမအသင်းစုမှ လိုအပ်သည့် ခြံဝင်းကာရံစရိတ်နှင့် ကွန်ပျူတာ(၁) လုံးအတွက် ကုန်ကျစရိတ်များ ပံ့ပိုးထောက်ပံ့ ပေးခဲ့ပါသည်။ ထို့နောက် ပညာရည်ချွှန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ကာ ပထမပိုင်း အစီစဉ်ကို ရပ်နားခဲ့ကြောင်း သိရှိရပါသည်။

(၂၀၁၆-၂၀၁၇) ဘဏ္ဍရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲ ပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာ ဆောင်ရွက်မှုများကို ပြန်လည်တင်ပြခြင်း အတည်ပြုချက်ရယူခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း စသည့်ရည်ရွယ်ချက်ဖြင့် တစ်နှစ်တစ်ကြိမ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး (၃)လအတွင်း ပုံမှန်အစည်းအဝေးကို ပြုလုပ်ကျင်းပလျှက်ရှိကြောင်း ရှမ်းတောင်/ အရှေ့ သမ၀ါယမအသင်းစုချုပ်လီမိတက် တောင်ကြီးမြို့ အငယ်တန်း မန်နေဂျာ ဒေါ်ခင်မြသင်းပြောကြားချက်အရ သိရှိရပါသည်။

သမ၀ါယမအသင်းစုချုပ်သည် တောင်သူလယ်သမားများ ဆင်းရဲမှုလျော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ ချေးငွေထုတ်ပေးရေး၊ လယ်ယာသုံးစက်ပစ္စည်းများ ရေယာဉ်များကိုအရစ်ကျစနစ်ဖြင့် ထောက်ပံ့ပေးရေးစသည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

ထိုအစည်းအဝေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံးကျော်နှင့် အဖွဲ့ဝင်များ၊ ရှမ်းတောင်/ အရှေ့မြို့နယ်များမှ သမ၀ါယမအသင်းဝင် ဥက္ကဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.