Tuesday, August 15, 2017

ပအိုဝ်းဒေသအလှ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ (၁၃၅)မျိုးဖြင့်  ဖွဲ့စည်း တည်ထောင်ထားသည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ (၁၃၅)မျိုးအနက် မိမိတို့ပအိုဝ်းပအိုဝ်းတိုင်းရင်းသားသည်လည်း   ပြည်ထောင်စုဝင်တိုင်းရင်းသား တစ်မျိုးပင်ဖြစ်သည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံ၏ အထက်ပိုင်း၊ အောက်ပိုင်းနေရာဒေသ အနှံ့အပြားတွင် မှီတင်းနေထိုင်လျက်ရှိသည်။  မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ မူလအစ ပထမသည် တရုတ်နိုင်ငံအနောက်ဘက်ရှိ မွန်ဂိုးလီးယားကုန်းပြင်မြင့်ဒေသဖြစ်သည်။ ဘီစီ ၁၂၀၀ခန့် တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံအတွင်းသို့ ရှမ်း၊ ကရင်တို့နည်းတူ အုပ်စု(၃)အုပ်ခွဲပြီး ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်ကြောင်းအတိုင်းဝင်ရောက်လာခဲ့ကြသည်။

ပထမအုပ်စုသည် မဲခေါင်မြစ်တောင်ကြားမှတစ်ဆင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေချ နေထိုင်ခဲ့ကြသည်။ နှစ်အတန်ကြာသောအခါ ထပ်မံဝင်ရောက်လာသော ထိုင်းလူမျိုးများကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မူရင်းနေထိုင်ရာဒေသမှတစ်ဆင့် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နိုင်ငံများသို့ ရွှေ့ပြောင်းသွားကြကာ အချို့သောပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကော့ဂရိတ်၊ ဘားအံ၊ သထုံသို့ ရောက်ရှိခဲ့ကြသည်။ ထို့နောက် ပထမအုပ်စု ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် သုဝဏ္ဏဘူမိ သထုံနေပြည်တော်ကို တည်ထောင်ခဲ့ကြသည်။ ဒုတိယပအိုဝ်းအုပ်စုသည် ရွှေလီမြစ်အတိုင်းနေရင်းဒေသမှ အနောက်တောင်ဘက်ကျကျသို့ ဦးတည်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကာ ဧရာဝတီမြစ်သို့ရောက်ရှိလာခဲ့ကြပြီး တကောင်းတွင် အခြေချနေထိုင်ခဲ့ကြသည်။ နောက်ထပ်ဝင်ရောက်လာသောလူမျိုးများကြောင့် တောင်ဘက်သို့ ထပ်မံ ရွှေ့ပြောင်းပြီး ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့တွင် အဆင့်ဆင့်အခြေချနေထိုင်ခဲ့ကြ ပြန်သည်။ သရေခေတ္တရာ ခေတ်ပျက်ပြီးနောက် အချို့သောပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ပဲခူးရိုးမတောင်တန်းကိုဖြတ်ပြီး သံလွင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းများသို့ ဦးတည်သွားရောက်နေထိုင် ခဲ့ကြသည်။ အချို့သောပအိုဝ်း တိုင်းရင်းသားများသည်ကား သထုံမြို့ပြကိုတည်နှင့်ပြီးသော ပထမအုပ်စုပအိုဝ်းတို့နှင့်အတူ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ကြသည်။

 မြန်မာနိုင်ငံအတွင်းသို့ နောက်ဆုံးဝင်ရောက်လာသော တတိယပအိုဝ်းအုပ်စုသည် တရုတ် ပြည်မှ ကွတ်ခိုင်၊ ကျူကုတ်တောင်ကြားမှတစ်ဆင့် လားရှိုးတောင်တန်းကိုဖြတ်ပြီး ယခုရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်၊ တောင်ကြီးဒေသများတွင် အခြေချနေထိုင်ခဲ့ကြသည်။ နောက်ထပ် ဝင်ရောက်လာသော ရှမ်းလူမျိုးများကြောင့် အချို့သောပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မောက်မယ်နှင့် လွိုင်ကော်ဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး အချို့သောပအိုဝ်းတိုင်းရင်းသား တို့သည်ကား မူရင်းအခြေချရာဒေသဖြစ်သည့် လွိုင်လင်၊ တောင်ကြီးဒေသတို့တွင်ပင်လျှင် ဆက်လက် နေထိုင်ခဲ့ကြသည်။ သို့သော်ပအိုဝ်းအများစုသည် တောင်ဘက်သံလွင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းမှ တစ်ဆင့် ပင်လယ်ကမ်းခြေဒေသများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သုဝဏ္ဏဘူမိ သထုံပြည်တွင် ရှိနှင့်ပြီးသော ပထမပအိုဝ်းအုပ်စုနှင့် ဒုတိယပအိုဝ်းအုပ်စုတို့နှင့်အတူအခြေချ ပူးပေါင်းနေထိုင်ခဲ့ကြ သည်။
ထို့ကြောင့် သမိုင်းပညာရှင်များ ရေးသားပြုစုထားသည့် မှတ်တမ်းများကိုကြည့်ခြင်းအားဖြင့်  မိမိတို့ပအိုဝ်းတိုင်းရင်းသားများ၏ ဘူမိနက်သန်သည် မြန်မာပြည်အောက်ပိုင်းဒေသ သုဝဏ္ဏဘူမိ သထုံ ပင်ဖြစ်သည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားများ ရှမ်းပြည်နယ်တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ နေထိုင်ခြင်းသည် သထုံပြည်ကို အေဒီ - ၁၀၅၇ ခုတွင် ပုဂံပြည့်ရှင် အနော်ရထာမင်းမှ  လာရောက် တိုက်ခိုက်၊ သိမ်းပိုက်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။  ပအိုဝ်းတိုင်းရင်းသားတို့မှီတင်းနေထိုင်ရာ သုဝဏ္ဏ ဘူမိသထုံပြည်ကြီးကို အနော်ရထာမင်းသိမ်းပိုက်ပြီးနောက် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း သထုံပြည်မှ အုပ်စု(၉)အုပ်စုခွဲ၍ ထွက်ခွာလာရာက အချို့သောပအိုဝ်းတိုင်းရင်းသားတို့သည် မူရင်း နေထိုင်ရာဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ပြည်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်မှ အစပြု၍ ယခုတွင်မူ ရှမ်းပြည်နယ်တောင်ပိုင်းသည် ပအိုဝ်းတိုင်းရင်းသားတို့ အများစုမှီတင်းနေထိုင်ရာ ဒေသဖြစ်လာခဲ့သည်။

 ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုလျက်ရှိကြသည်။ ကျေးရွာတည်ဆောက်ရာတွင်လည်း သီးနှံဖြစ်ထွန်းသည့် မြေနေရာ ဒေသကိုရှာဖွေ၍ ကျေးရွာတည်လျက်ရှိကြသည်။ ထို့ကြောင့်လည်း ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ရာဒေသအများစုကိုကြည့်မည်ဆိုလျှင် တောင်ကုန်းထက်နှင့် စိမ်းလန်းစိုပြေပြီး တောတောင် ထူထပ်သော တောင်ပေါ်ဒေသများတွင် အများဆုံးတွေ့နိုင်ပေသည်။ ပအိုဝ်းလူမျိုးတို့၏ စိတ်နေ စိတ်ထားသည် သဒ္ဒါတရားထက်သန်ကာ ဖြူစင်ရိုးသားလှပေသည်။ နွေးထွေးသော အပြုံး၊ ဖြူစင်သော စိတ်ထား၊ ကျေပွန်သော ဧည့်ဝတ်ပြုမှုတို့သည် မိမိတို့ပအိုဝ်းတိုင်းရင်းသားဒေသကို ရောက်ဖူးသူတိုင်းအသိပင်ဖြစ်သည်။
 စိုက်ပျိုးရေးအနေဖြင့် သနပ်ဖက်၊ ကြက်သွန်၊ ပြောင်း၊ လက်ဖက်၊ အာလူးစသည့် သီးနှံများကို အဓိကထားကာစိုက်ပျိုးကြပြီး အခြားသော မြေပဲ၊ ပဲပုတ်၊ နှမ်း၊ စပါး၊ ပဲစင်းငုံ စသည့်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားသည် ရှေးယခင် ဘိုးဘွားတို့လက်ထက် ကတည်းကပင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများနှင့် နေထိုင်လာခဲ့ကြ သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ဘာသာရေးယုံကြည်ကိုးကွယ်မှုအဖြစ် ဗုဒ္ဓဘာသာကို အများဆုံး ယုံကြည်ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့် ပအိုဝ်းတိုင်းရင်းသားသည်လည်း အနည်းငယ်ရှိပေသည်။ ကျေးရွာတိုင်းတွင် နန်းတော်သဖွယ် ခမ်းနားထည်ဝါလှသည့် ဘုန်းတော်ကြီး ကျောင်းကို တွေ့ရှိနိုင်ပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သဒ္ဒါတရားထက်သန်ပြီး ဘာသာရေး ယုံကြည်မှုတွင် အလွန်ပင်ကိုင်းရှိုင်းသည့် လူမျိုးဖြစ်ကြောင်း သိရှိနိုင်ပေသည်။ အခါကြီး၊ ရက်ကြီးနှင့် လပြည့်၊ လကွယ်နေ့ရောက်တိုင်း အိုးစည်ဗုံမောင်းတီးကာ ကလေးမှအစ လူကြီးအဆုံး ဘုန်းတော်ကြီးကျောင်းတက်၍ လှူဖွယ်ပစ္စည်းအလီလီနှင့် ကောင်းမှုကုသိုလ်ပြုကြပုံသည် မြင်ရသူ တိုင်း၏နှလုံးသားကို လှိုက်ဖိုစေပါသည်။

ကုသိုလ်ကောင်းမှုပြုရာတွင်ဝယ် ဗုဒ္ဓ၏သားတော်အဖြစ်ခံယူသည့် ရှင်လောင်းပွဲ (ပွယ်ပင်တန်)သည် အစည်ကားဆုံးဖြစ်၏။ ရှင်လောင်းပွဲ(ပွယ်ပင်တန်)သည် မိမိပအိုဝ်း တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို မည်မျှပင်အလေးထား ချစ်မြတ်နိုးသည်နှင့် ဘာသာရေးယုံကြည်ကိုးကွယ်မှုတွင် မည်မျှပင်နက်ရှိုင်းသည်ကို ပုံဖော်နေပေသည်။ ရပ်ရွာတွင် သာရေး၊ နာရေးပွဲများ ရှိလာပါက အားလုံးစုပေါင်းလုပ်ဆောင်ကြသည့် ဓလေ့သည် စည်းလုံးခြင်း၊ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီလိုစိတ်ရှိခြင်း၊ အပြန်အလှန်လေးစားတန်ဖိုးထားခြင်း၊ စေတနာ သဒ္ဒါတရားထက်သန်ခြင်း စသည့် ပုံရိပ်များကို ထင်ဟပ်ပေါ်လွင်စေပါသည်။

ပအိုဝ်းဒေသ၏အလှကို ဖုံးလွှမ်းနေကြသည့် စိမ်းလန်းသော တောတောင်၊ စီးဆင်းနေသော ချောင်းအသွယ်သွယ်၊ ရိုးသားဖြူစင်သောစိတ်ထား၊ ချစ်စရာကောင်းသော ဓလေ့ရိုးရာယဉ်ကျေးမှု စသည့်အရာတို့သည် မိမိတို့ပအိုဝ်းဒေသကို ပို၍ပင်သာယာလှပနေစေပေသည်။ဤသို့သော ပအိုဝ်းဒေသအလှကို ဖုံးလွှမ်းပေးနေသောအလှတရားတို့ ရေရှည်တည်တံ့ခိုင်မြဲဖို့်ထိန်းသိမ်းရန် တာဝန်သည် ပအိုဝ်းလူမျိုးတိုင်းတွင်ရှိပေသည်။ ထို့ကြောင့် မိမိတိုလူမျိုး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဘာသာ သာသနာ၊ တောတောင်၊ ရေမြေ၊ သဘာဝပတ်ဝန်းကျင်အပေါ် ချစ်မြတ်နိုး  တန်းဖိုးထားကြရန်နှင့် မိမိတို့ပအိုဝ်းဒေသ အစဉ်ထာဝရလှပနေစေဖို့ အားလုံးဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ဟု တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။

ခွန်ကျော;ခေါင်; (ထီရီးဟော်ထို)

Powered by Blogger.