Tuesday, August 22, 2017

(၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် (ပအိုဝ်း-ငေါဝ်းတဲက်) ပြိုင်ပွဲများ ပြုလုပ်သွားမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်



လာမည့် ကောဇာသက္ကရာဇ် ၁၃၇၈ခု၊ တော်သလင်းလဆန်း(၅)ရက်၊ ခရစ်နှစ် (၁၀ - ၉ -၂၀၁၇) တနင်္ဂနွေနေ့တွင် ကျရောက်မည့် (၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုသောအထိန်းအမတ် အနေဖြင့် ယခုနှစ်တွင် ပအိုဝ်းအာဇာနည်နေ့နှင့် စပ်လျဉ်းသော ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် (ပအိုဝ်း-ငေါဝ်းတဲက်) ပြိုင်ပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲစိစစ်တည်းဖြတ်ရေးအဖွဲ့ထံမှ သိရသည်။

ပြိုင်ပွဲများပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ဒီနှစ်မှာ ပအိုဝ်းအာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနဲ့ နောက်ပြီး ပအိုဝ်းအခေါ် ငေါဝ်းတဲက် ပြိုင်ပွဲတွေကို ထည့်သွင်းပေးထားပါတယ်။ ဒီလိုထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူငယ်မောင်မယ်တွေ ပအိုဝ်းစာပေကို ပိုမိုလေ့လာတန်ဖိုးထားလာအောင်၊ နောက်ပြီး မိမိတို့ရဲ့ ပအိုဝ်းအာဇာနည်နေ့ကို သိရှိတန်ဖိုးထားတတ်အောင်နဲ့ ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်တွေအကြောင်း ပြန်လေ့လာဖြစ်အောင် ထည့်သွင်း ရခြင်းဖြစ်တယ်၊ ” ဟု ပြိုင်ပွဲစိစစ်တည်းဖြတ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

အဆိုပါ ပြိုင်ပွဲများအား ပါဝင်ယှဉ်ပြိုင်လိုသူအနေဖြင့် ပြိုင်ပွဲစိစစ်တည်းဖြတ်ရေးအဖွဲ့မှ သတ်မှတ် ထားသော စည်းကမ်းများအတိုင်း လိုက်နာရမည် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူအနေဖြင့် မိမိယှဉ်ပြိုင် လိုသော ကဏ္ဍများကို သြဂုတ်လ(၃၁)ရက်နေ့တွင် နောက်ဆုံးထားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာနသို့ ပေးပို့ရမည် ဖြစ်သည်။ ထိုကဏ္ဍ(၄)ခုဖြစ်သော ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ငေါဝ်းတဲက်တို့ကို ကဏ္ဍတစ်ခုချင်းစီ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုကို (၁)သိန်းကျပ်၊ ဒုတိယဆုကို (၈)သောင်းကျပ်၊ တတိယဆုကို (၅)သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ၏ အနိစ္စကူးပြောင်းသော တော်သလင်းလဆန်း(၅) ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့ဟု သတ်မှတ်ကာ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်ရွာရှို အာဇာနည် ကုန်းတွင် နှစ်စဉ်နှစ်တိုင်း ပအိုဝ်းအာဇာနည်နေ့ကို ပြုလုပ်ဆင်နွှဲခဲ့ကြောင်း၊ အဆိုပါ အာဇာနည်နေ့တွင် ပအိုဝ်းလူမျိုးများကို ရှေ့ဆောင်လမ်းပြခဲ့သော ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေနှင့်တကွ ခေတ်အဆက်ဆက်တွင် ပအိုဝ်းလူမျိုးများအတွက် အသက်ပေး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များဖြစ်ကြသည့် ဆရာတော် မရမ်းခြောင်၊ ဖြားခွန်အိုး၊ ဖြားတန်ကောင်ခယ်း၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန်နာ့သီးသောက်၊ ဖြားတန်နမ်းသြ၊ အမတ်အောင်သာ၊ ဖြားဗွာဦးဖြူ(တောင်ကြီး)၊ မတ်အောင်သာ၊ ဗိုလ်ချန်ဇုံ၊ ဗိုလ်စံသိန်း၊ ဗိုလ်ဟိန်မောင် အစရှိသည့်ပုဂ္ဂိုလ်များအား ပြန်လည်အောက်မေ့၍ အလေးပြု ဂုဏ်ပြုကြကြောင်း သိရှိရပါသည်။

နဂါ့ခွန်
Powered by Blogger.