Thursday, August 24, 2017

ရှမ်းတောင်အမျိုးသမီးများကွန်ယက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်


၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့၊ နံနက်(၉း၃၀)နာရီချိန်တွင် တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်၊ မင်းကံကောင်းစားသောက်ဆိုင်တွင် ရှမ်းတောင်အမျိုးသမီးကွန်ယက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ကြကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌဒေါက်တာအောင်သန်းမောင်က တက်ရောက်အားပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင်- “ဒီနေ့ခေတ်က အမျိုးသမီးတွေ မီးဖိုချောင်ထဲမှာ အချိန်တွေကို ကုန်ဆုံးနေရတဲ့ခေတ်မဟုတ်တော့ပါဘူး၊ အိမ်ထောင်စုဇယားတွေမှာလည်း အမျိုးသမီးတွေက မှီခိုဆိုတဲ့ခေါင်းစဉ်အောက်မှာ ရပ်တည်နေရတဲ့ခေတ်လည်း မဟုတ်တော့ပါဘူး၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ ဒီနေ့ခေတ်မှာ ဦးဆောင်သူ စီမံခန့်ခွဲသူ မူဝါဒရေးဆွဲသူ ငြိမ်းချမ်းရေးဖော်ဆောင်ရာအခန်းကဏ္ဍတွေမှာ ပါဝင်လာတာကို တွေ့ရမှာပါ၊ ဒေသအသီးသီးတွေ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျား/မ ရေးရာခွဲခြားဆက်ဆံမှုကို ဖြစ်တည်စေသည့် ဓလေ့ထုံးစံများနဲ့ အမြင်သဘောထားများ ပပျောက်စေရန်ဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်ပေးခံရခြင်းမှ အမြင်သဘောထားများပပျောက်စေရန်ဆောင်ရွက်ခြင်း” စသည်တို့ကိုလုပ်ဆောင်သင့်ပါသည်။

“ကျွန်တော်တို့ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်မှာ အမျိုးသမီးဦးရေ စုစုပေါင်း (၈၅၈၇၄၄)ဦးရှိပါတယ်။ ဤအရေအတွက်ဟာဆိုရင် တောင်ကြီးခရိုင်မှာရှိတဲ့ အမျိုးသားဦးရေစုစုပေါင်းထက် (၁၆၁၉၅)ဦး ပိုနေတာကိုတွေ့ရနိုင်ပါတယ်။ ဒါကဘာကိုပြနေသလဲဆိုရင် တောင်ကြီးခရိုင်မှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုအခန်းကဏ္ဍတွေကို လျော့တွက်လို့မရဘူးဆိုတာ သိသာစေတဲ့ အချက်ပါဘဲ” စသည့် အကြောင်းအရာများကို ပြောကြားပေးခဲ့ပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲကို ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းတောင်အမျိုးသမီးကွန်ယက်အဖွဲ့မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားသော ဧည့်သည်တော်များ (၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.