Monday, August 28, 2017

အနာဂတ်ကိုဘောင်မခတ်နဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်




ယနေ့ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအ၀ိုင်းတွင် တွေ့ဆုံစကားပြောဆိုသောအခါ  ’’ကျောင်းပြီးပြီလား’’ ဆိုသော စကားသည် အလွန်ပင်ရေပန်းစားနေပါသည်။ ခေတ်မီတိုးတက်ပြောင်းလဲလာသော လူနေမှုပုံစံ၊ နည်းပညာနှင့် ခေတ်ရေစီးကြောင်းပေါ်တွင် မိမိတို့ ဘယ်နေရာဘယ်ဒေသက လူ့အသိုင်းအ၀ိုင်းတွင် နေထိုင်စေကာမူ  ထိုရေစီးကြောင်းများပေါ်တွင် အလိုလိုလိုက်ပါစီးနှင်းနေရပါသည်။ ကမာ့္ဘလူဦးရေတိုးလာသည် နှင့်အမျှ လူသားတို့၏အခြေခံ အသက်ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ပြည့်စုံစွာရရှိစေရန် အထူးလိုအပ်လာပါသည်။ ထို့ကြောင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အသက်မွေးဝမ်းကြောင်းနိုင်မည့် ပညာရပ်များကို နည်းလမ်းအမျိုးမျိုး အဖုံဖုံရှာကြံလာရသည်။ ဤသို့ဖြင့် လူသားတို့သည် မိမိတို့စားဝတ်နေရေးကို နေ့စဉ်ဖြေရှင်းပေးနေရပါတော့သည်။

ထို့ကြောင့် ဘယ်နည်းလမ်း၊ ဘယ်ပညာရပ်နှင့် မိမိဝမ်းရေးကို ဖြေရှင်းနိုင်မည်ဆိုသည်မှာ လူသားတိုင်း ကိုယ်စီရှာကြံနေရပါသည်။ ယနေ့ခေတ် ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ဖြစ်နေသည့်ခေတ်တွင် ကမ္ဘာလုံး ဆိုင်ရာပြောင်းလဲမှုသည် မိမိတို့လူသားများအားလုံးကို ရိုတ်ခတ်ပြောင်းလဲစေသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်ကိုလည်း ခေတ်နှင့်လိုက်လျောညီထွေစွာ လူသားတို့၏ လူနေမှုအဆင့်အတန်းနှင့် နေထိုင်မှုပုံစံများပြောင်းလဲလာစေသည်။

လူသားတို့အသက်ရှင်နေထိုင်နိုင်ရန်အတွက် အသက်မွေးဝမ်းကြောင်းပုံနည်းလမ်းများသည်လည်း သူတို့၏ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ပါရမီ၊ ပညာနှင့် ၀ါသနာတို့အပေါ်မူတည်၍ ကွဲပြားခြားနားနေကြပါသည်။ ထိုများထဲမှသည် “ပညာ’’  အကြောင်းကို ရေးသားတင်ပြလိုပါသည်။ ’’ပညာ’’ သည် သင်ယူလေ့လာ ကြိုးစားအားထုတ်နိုင်သမျှ တတ်စွမ်းနိုင်ပါသည်။’’ပညာရွှေအိုး လူမခိုး’’ ဆိုသည့် ဆိုရိုးစကားအတိုင်း ’’ပညာ’’ ဆိုသော ရွှေအိုးသည် မည်သူမျှလုယူသွားလို့မရနိုင်ပါ။ ’’ပညာ’’ ကို ကျွန်ုပ်တို့ဘ၀နှင့် နှိုင်းယှုဉ်သော် ’’ဘ၀’’ သည်လည်းရှည်လျားသော လေ့လာသင်ယူခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့လူသားတိုင်းသည် အသက်ဆုံးထိ တိုင်အောင် လေ့လာသင်ယူနေရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိတို့၏ စား၊ ၀တ်၊ နေရေးကိုဖြေရှင်း ပေးသောပညာကို လုပ်ကိုင်ရင်း အားလပ်ချိန်များတွင် ပညာကိုဆက်လက် လေ့လာဆည်းပူးရန်ပင်ဖြစ်ပါသည်။

မိမိတို့မြန်မာနိုင်ငံတွင်  ပညာကိုလေ့လာဆည်းပူးကြရာ၌ မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်၊ နေရာဒေသ၊ မိဘများနှင့် လူမှုအသိုင်းအ၀ိုင်းများက ကန့်သတ်ထားနေသည်ကို တွေ့မြင်နေရပါသည်။ ကန့်သတ်ပုံ များအထဲမှ အချို့သောကန့်သတ်ချက်များကို ရေးသားဖော်ပြလိုပါသည်။ ပထမဆုံးစာပိုဒ်တွင် ဖော်ပြထားသော ’’ကျောင်းပြီးပြီးလား’’ ဆိုသော စကားသည် လူသားတို့ ပညာကို ဆက်လက်ဆည်းပူးလေ့လာသင်ယူလိုစိတ် ရပ်တန့်စေလိုက်သော စကားပင်ဖြစ်ပါသည်။ ထိုစကားသည် မိဘများ၊ ပတ်ဝန်းကျင် နှင့် လူမှုအသိုင်းအ၀ိုင်း များကလည်း မှားယွင်းစွာသုံးလေ့ရှိသောစကားဖြစ်ပါသည်။ ’’ကျောင်းပြီးပြီ’’ ဆိုသော စကားကို မိမိအနေဖြင့် ပညာကိုအတိုင်းအတာ တစ်ခုထိလေ့လာသင်ယူ ဆည်ပူးရရှိပြီးဟုသာ မြင်မိသည်။ သို့မှသာ ပညာလေ့လာ သင်ယူနေသည့် မိမိတို့၏ သား/သမီး လူငယ်များသည် ပညာရပ်များကို အကန့်အသတ်ဘောင်အတွင်းများမှ လွတ်ကင်းမည်ဖြစ်သည်။ စာရေးသူ၏ တက္ကသိုလ်ကျောင်းသားဘ၀ အတွေ့အကြုံအချို့ကို ဖော်ပြရေးသား လိုပါသည်။ တက္ကသိုလ်ကျောင်းသား/သူ များသည် ’’ကျောင်းပြီးဖို့၊ ဘွဲ့တစ်ခုရဖို့’’ ဆိုသောခံယူချက်များနှင့်သာ တက္ကသိုလ်တွင် ကျောင်းတက်နေခြင်းများသာဖြစ်နေပါသည်။ ထို့အခါ မိမိတို့ အထူးပြုလေ့လာသင်ယူနေသည့် ဘာသာရပ်များ၏အတိမ်အနက်ကိုပင် ကောင်းကောင်းရယူ သွားမည်မဟုတ်ပေ။ ’’ကျောင်းပြီးဖို့၊ ဘွဲ့ရဖို့’’ သည် အနာဂတ် လူငယ်ပညာရှင်များကို အညွှန့်ချိုးလိုက်သည့် စကားလုံး ပင်ဖြစ်ပါတော့သည်။

အထက်တွင်ဖော်ပြခဲ့သော ’’ဘ၀သည် ရှည်လျားသောလေ့လာသင်ယူခြင်း’’ ဆိုသည့်အတိုင်း မည်သည့်နေရာဒေသ၊ မည်သည့်ပညာရပ်ကိုမဆို ’’ကုန်ဆုံးသွားပြီ၊ ပြီးဆုံးသွားပြီ’’ဟု မသတ်မှတ်မိဖို့လွန်စွာ အရေးကြီးလှပါသည်။ မိမိအထူးလေ့လာသင်ယူထားသော ဘာသာရပ်၊ ပညာရပ်များနှင့် ဆက်စပ်သက်ဆိုင် သော၊ ဒီထက်ပိုလေးနက်သော အကြောင်းအရာများကို ဆက်လက်လေ့လာရန်အထူး လိုအပ်ပါသည်။ ’’ပညာ’’ သည် လေ့လာမှုရပ်တန့်သွားသည်နှင့် တပြိုင်နက်တည်းမှာပင် မိမိလေ့လာတတ်မြောက်ထားသည့်အတိုင်း မြဲနေမည်မဟုတ်၊ အလိုလိုပင် ပျောက်ကွယ်သွားတတ်သည့် အရာဖြစ်သည်။ မိမိတတ်မြောက်ထားသည့် ပညာရပ်ကို ဆက်လက်လေ့လာသင်ယူမှုရပ်တန့်လိုက်ပါက အသက်ရှင်သော်လည်း ’’ဘ၀သေနေသူ’’ ဖြစ်နေပါ လိမ့်မည်။

စာရေးသူတက္ကသိုလ်ကျောင်းတက်နေစဉ်တွေ့ကြုံ ကြားသိချက်များအရ ပညာရပ်တစ်ခုကို အဆင့်မီစွာ ဖြင့်ဆက်လက်လေ့လာရန် အကန့်အသတ်ဖြစ်နေသော အပိုင်းအစများအနည်းကျဉ်းကို ရေသားဖော်ပြလိုပါသည်။ တက္ကသိုလ်များတွင် အရည်အချင်းအမျိုးမျိုးဖြင့် တက္ကသိုလ်ကျောင်းသား/သူ လူငယ်များ ကြားသိရမည်မှာ Honest,  Qualified, Master, M.res နှင့် PhD ဆိုပြီးဘွဲ့အမျိုးမျိုးရှိနေသည်။ ထိုအခါ Honest or Qualified တစ်ခုခု အဆင့်မိမှသာ Master စသည် အဆင့်ဆင့်သို့ဆက်လေ့လာဆည်းပူးနိုင် မည်ဖြစ်သည်။ ဆိုလိုသည်မှာ အရည်အချင်းမမီလိုက်သော ကျောင်းသား/သူများသည် Master ဘွဲ့ ၊ M.resဘွဲ့ အပြင် PhD ဘွဲ့သည် သူတို့ဘ၀တွင်မျှော်လင့်ချက်ကင်းမဲ့သည့်အပြင် ထိုပညာရပ်ကို ဆက်လက်လေ့လာ သင်ယူလိုစိတ်လည်း ကုန်ဆုံးစေပါသည်။

ထို့ကြောင့် အထက်ပါ  စာရေးသူဖော်ပြထားသည့် မိမိလေ့လာသင်ယူနေသော ပညာရပ်နှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆက်လက်လေ့လာရမည်ဆိုသော အချက်ဖြစ်ပါသည်။ ’’ပညာ’’ သင်ယူလေ့လာ ဆည်းပူးရာတွင် နည်းလမ်းတစ်ခုတည်းကိုသာမစဉ်းစားဘဲ အခြားနည်းလမ်းများ မည်ကဲ့သို့ ရှိနေသေးသည်ကို သတင်းအချက်အလက်များရယူတတ်ရပါမည်။ မိမိတက်ရောက်လေ့လာနေသော တက္ကသိုလ်တွင် ဘွဲ့တစ်ခု ရရှိပိုင်ဆိုင်ထားပြီး ထိုနေရာတွင် ဆက်လက်ပညာဆည်းပူးရန် အဆင့်မီ(သို့မဟုတ်) အဆင်မပြေပါက အခြားတက္ကသိုလ်များတွင် ၀င်ခွင့်ဖြေဆိုပြီးအဆင့်ဆင့်သောဘွဲ့၊ အဆင့်အဆင့်သော ပညာများကိုဆက်လက် ဆည်းပူးသင်ယူနိုင်သည်။ မြန်မာနိုင်ငံအခြေအနေအရ ဘွဲ့တစ်ခုရရှိထားပြီးပါက ကျောင်းပြီးပြီဟု ကျေနပ်ကာ ပညာဆက်လက်လေ့လာသင်ယူမှုကို ရပ်တန့်လိုက်ကြသည်။ ဘွဲ့ရရှိပိုင်ဆိုင်ထားသူအဖို့ ဘွဲ့လွန်ဒီပလိုမာနှင့် သင်တန်းအမျိုးမျိုးကို သင်ဆိုင်ရာဌာနများနှင့်တက္ကသိုလ်များတွင် မိမိလေ့လာလိုသော ဘာသာရပ်အလိုက် ၀င်ခွင့်ဖြေဆိုပြီး ဆက်လက်ပညာလေ့လာဆည်းပူးနိုင်သည်။ ထို့အပြင် ပုဂ္ဂလိကတက္ကသိုလ်များ၊ နိုင်ငံတကာ တက္ကသိုလ်များတွင်လည်း ဆက်လက် ပညာလေ့လာသင်ယူနိုင်သည်ပင်ဖြစ်ပါသည်။ မိမိကျွမ်းကျင် တတ်မြောက်ထားသည့် ပညာရပ်နှင့်အလျှောက် ပညာတော်သင်ဆုများပေးနေသော အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းများ များစွာရှိနေပေသည်။ ပညာတော်သင်ဆုများ ဆွတ်ခူးနိုင်ရန်အတွက် ဘာသာစကားနှင့် မိမိလေ့လာရာတွင် အထောက်အကူပြုစေမည့် နည်းပညာပိုင်ဆိုင်ရာအထောက်အကူများလည်း တတ်ကျွမ်း တတ်မြောက်ထားရန် လိုအပ်ပါသည်။

ထို့ကြောင့် မိမိတတ်မြောက်ထားသည့် ပညာမှ နောက်ထပ် တစ်ဆင့်ပြီးတစ်ဆင့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်မည့် နည်းလမ်းပေါင်းစုံရှိနေသည်ကိုတွေ့မြင်စေလိုပါသည်။ ’’သွားပါများတော့ ခရီးရောက်၊ မေးပါများတော့ စကားပေါက်’’ ဆိုသည့်အတိုင်း ’’သွားပါ၊ မေးပါ၊ လေ့လာပါ’’ မိမိအတွက် အခွင့်အလမ်းများကစောင့်ကြိုနေသည်ကို မိမိရရှိတတ်မြောက်ထားသည့် ပညာရပ်နှင့် ပေါင်းစပ်ကာ အနာဂတ်အတွက် အခွင့်အလမ်းကောင်းများကို ဆွတ်ခူးပြီး လက်တွေ့အသုံးချတတ်ရန်လည်းလိုအပ်ပါသည်။ ကမ္ဘာကျော် စာရေးဆရာ’’ရောဘတ်’’က ’’စက်ဘီး စီးတတ်ချင်လျှင် စာနဲ့သင်လို့အဆင်မပြေနိုင်သကဲ့သို့ စက်ဘီးစီးပြီးမောင်းသင်မှသာရမည်’’ ဆိုသည့်အတိုင်း ပညာသည်လည်း သင်ရင်းနဲ့လက်တွေ့အသုံးချ၊ လက်တွေ့ အသုံးချရင်းနဲ့ သင်ယူနေရမည်ဖြစ်ပါသည်။

မိမိ၏အနာဂတ်ကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိဘမှဖြစ်စေ၊ ပတ်ဝန်းကျင်မှဖြစ်စေ၊ နေရာဒေသမှဖြစ်စေ စကားလုံးများ အတွေးအခေါ် အယူအဆများနှင့် ဘောင်မခတ်မိရန်လိုအပ်ပါသည်။ မိမိရယူသင်ယူလိုသော ပညာများကိုလည်း အကန့်အသတ်နှင့်မသင်ယူဘဲ၊ ပညာဆက်လက်လေ့လာသင်ယူဆည်းပူးနိုင်သော နေရာများကိုတွေ့အောင်ရှာပြီး ဆက်လက်လေ့လာရပါမည်။ ဘ၀အတွက် အသက်ရှင်သန်ဖို့အတွက် အသက်မွေးဝမ်းကြောင်းမှုနည်းလမ်းများကိုလည်း ကန့်သတ်ဘောင် အတွင်းမဟုတ်ဘဲ စွန်းဦးတီထွင် ဖောက်ထွက်သောနည်းလမ်းများကို စဉ်းစားတွေးခေါ်ကြဖို့လွန်စွာအရေးကြီးလှပါသည်။ ’’မဖြစ်နိုင်ဘူးဆိုသည့် စကားသည် အရူးအဘိဓာန်များတွင်သာ တွေ့ရှိနိုင်သည်’’ ဆိုသည့်အတိုင်း လက်တွေ့ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ၀ိရိယနှင့် ပညာတို့ဖြစ် ပေါင်းစပ်ပြီး မိမိ၏ ဘ၀ပန်းတိုင်နှင့် အနာဂတ်များကို ဘောင်မခတ်ဖို့ တိုက်တွန်းအပ်ပါသည်။

ခွန်ခမ်းနောဝ်
Powered by Blogger.