Monday, August 14, 2017

လူငယ်နှင့် လမ်းကြောင်းမှန်ရွေးချယ်မှု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်


ယနေ့ခေတ် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နေရာအနှံ့အပြားတွင် အောင်မြင်သောလူငယ်လုပ်ငန်းရှင်များ၊ နိုင်ငံရေးကိုဦးဆောင်နိုင်သောလူငယ်များ အများအပြားပေါ်ထွက်လာနေသည်ကို သင်တို့တွေ့မြင်နေရမည်ဖြစ်ပါသည်။ အောင်မြင်သော ရည်မှန်းချက်ပန်းတိုင်သို့ရောက်နိုင်ရန် လူငယ်တစ်ယောက်အနေဖြင့် ရွေးချယ်မှုမှန်ကန်ရန်လိုအပ်ပါသည်။ မိမိ၏ဝါသနာ၊ စိတ်ဝင်စားမှုသည်လည်း အဓိကကျပါသည်။ စိတ်ဝင်စားမှုမရှိသော အလုပ်ကိုသာရွေးချယ်လျှင် ထိုအလုပ်တွင် ပျော်ပိုက်မှု၊ စိတ်ဝင်စားမှုအားနည်း၍ မိမိဘဝတိုးတက်မှုတွင် နောက်နှေးကြန့်ကြာသွားနိုင်ပါသည်။

လူငယ်လူရွယ်များသည် အများအားဖြင့် အောင်မြင်လိုသောစိတ်၊ တိုးတက်လိုသောစိတ်၊ ကျော်ကြားလိုသောစိတ်များရှိကြပါသည်။ သို့သော် မိမိဘဝတိုးတက်ရန်အတွက် ရွေးချယ်သည့်အခါ မှားယွင်းစွာရွေးချယ်တတ်ကြပါသည်။ အချို့သောလူငယ်များသည် လုပ်ငန်းခွင်ဝင်ကြသည့် အခါအတွေ့အကြုံရရန်ထက် လုပ်အားခ ဝင်ငွေရရှိရေးကိုသာ အဓိကအာရုံစိုက်ကြသည်ကို တွေ့ရပါသည်။ မိမိတို့လုပ်သော အလုပ်သည် မိမိတို့အတွက် “တန်ဖိုးရှိသော မည်သည့်အတွေ့ အကြုံများရရှိလဲ ၊ မိမိအတွက် တိုးတက်နိုင်သော အလားအလာရရှိနိုင်ပါသလား ၊ ၎င်းအလုပ်သည် မိမိအတွက် မည်ကဲ့သို့ပြန်လည်အသုံးချနိုင်မည်နည်း ၊ မိမိအတွက် မည်သည့်အားသာချက်များရရှိနိုင်မည်နည်း” စသည့်အချက်များကို မိမိကိုယ်တိုင်သုံးသပ်စဉ်းစားရန်လိုအပ်ပါသည်။

ယနေ့ခေတ်တွင် မြန်မာနိုင်ငံသည် တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲတိုးတက်လာနေသည်နှင့်အမျှ လူတို့၏နေထိုင်စားသောက်မှုအဆင့်အတန်းသည်လည်း ပြောင်းလဲလာသည့်အပြင် နိုင်ငံ၏ဈေးကွက်စီးပွားရေးစနစ်လည်း ပြောင်းလဲကျင့်သုံးလာနေသည်ကိုတွေ့မြင်နေရသည်။ ထို့ကြောင့် ဈေးကွက်အခြေအနေပြောင်းလဲသည့်အခါ လူငယ်များအနေဖြင့် အယူအဆအတွေးအခေါ်များကိုလည်း အလိုက်သင့်ပြောင်းလဲဖို့ရန်လိုအပ်လာပါသည်။ မိမိဘဝအောင်မြင်တိုးတက်ရန်အတွက် သင်တန်းများတက်ရောက်သည့်အခါ မိမိဝါသနာပါသောသင်တန်းကိုသာရွေးချယ်တက်ရောက်သင့်ပါသည်။ ထို့ပြင် လူငယ်များသည် မိုဘိုင်းဖုန်းများဖြင့် မိမိတို့၏အချိန်ကို မဖြုန်းသင့်ပေ။ မိုဘိုင်းဖုန်းမသုံးရဟု ဆိုလိုခြင်းမဟုတ်ပါ။ အချိန်အကန့်အသတ်ဖြင့် သတ်မှတ်၍ သုံးသင့်ပါသည်။ “အလိမ္မာမှာ စာမှာရှိ”ဆိုသည့်အတိုင်း စာအုပ်စာပေများကိုလည်း အချိန်ပေး၍ဖတ်သင့်ပါသည်။ စာများများဖတ်မှသာ ဘဝသင်ခန်းစာများ၊ ဗဟုသုတများဖြင့် မိမိ၏ဘဝတိုးတက်အောင်မြင်ရန်အတွက် အထောက်အကူများရရှိနိုင်မည်ဖြစ်သည်။ ငယ်ရွယ်နုပျိုပြီး သွက်လက်ဖျက်လတ်သည့်အရွယ်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်မှသာ မိမိတို့ရည်ရွယ်သော ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ထားသောလူငယ်များအနေဖြင့် ဆက်လက်၍ တက္ကသိုလ်တက်ရောက်ကြရမည်ဖြစ်သည်။ ထိုသို့တက်ရောက်ရန်အတွက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာရပ်များကို မှန်ကန်စွာရွေးချယ်တတ်ရန်လိုအပ်ပါသည်။ မိမိတို့ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်သင့်ပါသည်။ မိဘများအနေဖြင့်လည်း မိမိတို့ဖြစ်လိုသော ဆန္ဒကို ရှေးတန်းမတင်ဘဲ  မိမိတို့ကလေး၏ ဖြစ်လိုသောဆန္ဒကို ဦးစားပေးသင့်ပါသည်။ ၎င်းတို့ ကြိုက်နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်ခွင့်ပေးပြီး မှန်ကန်သောလမ်းညွှန်မှုများ၊ အကြံဉာဏ်များ ပေးသင့်ပါသည်။ သို့မှသာ မိမိတို့ရွေးချယ်မှုသည်မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ကြမည်ဖြစ်သည်။

မှန်ကန်သောရွေးချယ်မှုဖြစ်မှသာ လူငယ်များသည် မိမိတို့လိုချင်၊ ရောက်ချင်သော ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။ လူငယ်အများစုသည် မိမိတို့နေထိုင်သောပတ်ဝန်းကျင်ကြောင့် ပျက်ဆီးနိုင်သကဲ့သို့ အပေါင်းအသင်းကြောင့်လည်း ဘဝပျက်ဆီးသွားနိုင်ပါသည်။ အောင်မြင်ချင်လျှင် အောင်မြင်သောလူ့ပတ်ဝန်းကျင်တွင် ကျင်လည်ရမည်ဖြစ်ပြီး အောင်မြင်သောသူများနှင့်သာ မိတ်ဆွေဖွဲ့သင့်ပါသည်။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များဖြစ်ချင်လျှင် အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများ ကျင်လည်သော ပတ်ဝန်းကျင်တွင် အတွေ့အကြုံများရရှိရန် လေ့လာသင်ယူသင့်သည်ကို ဆိုလိုပါသည်။ ပတ်ဝန်းကျင်၏ အခြေအနေကြောင့် မိမိဘဝပြောင်းလဲနိုင်သည်ကို နားလည်ထားရမည်ဖြစ်သည်။

ထို့ကြောင့်လူငယ်များသည် အလုပ်တစ်ခုလုပ်သည့်အခါ စိတ်ပါဝင်စားစွာဖြင့်လုပ်သင့်ပါသည်။ တစိုက်မတ်မတ်ကြိုးစားအားထုတ်သင့်ပါသည်။ မိမိရွေးချယ်သောအလုပ်သည် မိမိအတွက် တိုးတက်မှုအလားအလာမရှိကြောင်းသိလျှင် ထိုအလုပ်ကိုပြောင်းလဲသင့်လျှင် ပြောင်းလဲကာ မိမိဘဝအတွက်အောင်မြင်မှုအလားအလာရှိသော လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်သင့်ပါသည်။ ထို့ပြင် လူငယ်အများစုသည် ဘဝရည်မှန်းချက်ထက် အလုပ်ရရှိရေး၊ ဝင်ငွေရရှိရေးကိုသာ ဦးစားပေးကြသည်ကို တွေ့ရပါသည်။ အလုပ်ရရှိရေး၊ ဝင်ငွေရရှိရေးကိုသာ ဦးစားပေးမည်ဆိုလျှင် မိမိတို့အမှန်တကယ်ရောက်လိုသော နေရာနှင့် လွဲချော်သွားနိုင်ပါသည်။ လူငယ်များအနေဖြင့် ကိုယ်ပိုင်အလုပ်စတင်လုပ်ကိုင်သည်ဖြစ်စေ လုပ်ခလစာဖြင့် ဝင်ရောက်လုပ်ကိုင်သည်ဖြစ်စေ မိမိသွားလိုသောရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ကောင်းကောင်းသိရှိနားလည်ရန် အထူးလိုအပ်လှပါသည်။ အရေးကြီးဆုံးမှာလူငယ်များသည် မိမိကိုယ်သာမိမိအားကိုးရမည်ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမဆိုစတင်လုပ်ကိုင်ရန် ရည်ရွယ်မည်ဆိုလျှင် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် စဉ်းစားဆင်ခြင်သုံးသပ်မှသာ မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လူငယ်များအနေဖြင့် အောင်မြင်သောလုပ်ငန်းရှင်လူငယ်များ၊ နိုင်ငံရေးကို ဦးဆောင်နိုင်သောလူငယ်များအဖြစ် အောင်မြင်သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင်ရန် လူငယ်တစ်ဦးအနေဖြင့် ရွေးချယ်မှုမှန်ကန်ရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ဝင်စားမှုမရှိသော၊ ဝါသနာမပါသော၊  မိမိဘဝတိုးတက်မှုတွင် နောက်နှေးကြန့်ကြာသွားစေနိုင်သော လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းမှုမပြုပဲ မှန်ကန်သည့်လမ်းကြောင်းပေါ် တိုးတက်ရာတိုးတက်ကြောင်း လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းအကြံပြုရေးသားတင်ပြအပ်ပါသည်။

ခြဲုင်းမူးပေး
Powered by Blogger.