Friday, August 18, 2017

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စိစစ်အရေးယူခြင်းစီမံချက် ပြုလုပ်တော့မည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်


၂၅-၇-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၃-၇/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ်၅(င) အရ၊ ပညာပေးကာလ ၁-လသတ်မှတ်ပြီး စက်တင်ဘာလ(၁)ရက်နေ့တွင် စီမံချက်အတိုင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စိစစ်အရေးယူခြင်း စီမံချက်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အတွင်းသို့ တရားမ၀င်ရောက်ရှိနေသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပထမအဆင့်အနေနှင့် ပိုင်ရှင်ဆန္ဒအရ မှတ်ပုံတင်လိုသည့် မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို (၁-၃-၂၀၁၇)ရက်မှ (၇-၆-၂၀၁၇)ရက်နေ့အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း One Stop Service စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ခရိုင်/ မြို့နယ်အဆင့်ပါဝင်သောအဖွဲ့များဖြင့် မှတ်ပုံတင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စိစစ်အရေးယူခြင်းစီမံချက်ကို  ပြုလုပ်သွားမည်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းသို့ တရားမ၀င်ရောက်ရှိနေသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဒဏ်ကြေးငွေနှင့် ကျသင့်အခွန်အခများပေးဆောင်စေပြီး တရားဝင်မှတ်ပုံတင် ယဉ်အဖြစ် ဆောင်ရွက်ပေးခြင်းဖြင့် ဥပဒေနှင့်အညီ ဖြစ်စေခြင်း နိုင်ငံတော်အခွန်များရရှိစေခြင်းအပြင် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များလျော့နည်းပပျောက်သွားစေမည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မိမိဆန္ဒအရ မှတ်ပုံတင်ဆောင်ရွက်ရမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် တရားဝင်မှတ်ပုံတင်ပေးသည့် မော်တော်ဆိုင်ကယ်များသည် ရှမ်းပြည်နယ်အတွင်းသာ သွားလာခွင့်ရှိပြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးရေး စိစစ်ကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်သည့် မော်တော်ဆိုင်ကယ် ဒေသပေါက်ဈေးနှုန်း၏ ၅၀%(သို့မဟုတ်) ၅၀% နှုန်းအောင် မလျော့သော ဒဏ်ကြေးနှုန်းကို ပေးဆောင်ရမည်ဖြစ်သည်။ ဒဏ်ကြေးငွေ ပေးသွင်းခြင်းမပြုပါက ပို့ကုန်၊ သွင်းကုန် ဥပဒေအရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုပြီး သက်သေခံပစ္စည်းဖြစ်သော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်ထွိုက်ဗွေ
Powered by Blogger.