Tuesday, August 8, 2017

မြတ်နိုးတန်ဖိုးထားပါ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်



မိမိတို့ပအိုဝ်းလူမျိုးတို့၏ အဆင့်အတန်းမခွဲအသွင်ဆောင် နက်ပြာရောင်ဝတ်စုံသည် ကျက်သရေပြည့်စုံလွန်းလှပေသည်။ ၎င်းဝတ်စုံကို မည်သူမဆိုဆင်မြန်းမည်က အလွန်ပင်တင့်တယ်လှပလွန်းလှပေသည်။ ၀သည်၊ ပိန်သည်မရှိ ဆင်းမြန်းလိုက်သည်နှင့် အသွင်တူတစ်မူထူးခြားသွားသည်မှာ မြင်တတ်သူတိုင်း အသိပင်ဖြစ်ပေသည်။ ဤကဲ့သို့သော ၀တ်စုံမျိုးကို ပိုင်ဆိုင်ထားသည့်လူမျိုးသည် ဒို့ပအိုဝ်းလူမျိုးပင်ဖြစ်ပေသည်။

ပအိုဝ်းဝတ်စုံသည် ရှေးယခင်ခေတ်အဆက်ဆက်ကပင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေဖြင့် ရှိခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်တိုင်အောင် ပို၍လှပတင့်တယ်သော၊ ပို၍ ကျက်သရေပြည့်စုံသော ၀တ်စုံအဖြစ်ရပ်တည်နေနိုင်အောင် မိမိတို့ပအိုဝ်းဘိုးဘွားဘီဘင်များမှ ထိန်းသိမ်းလာခဲ့ကြပေသည်။ ခေတ်စနစ်မည်သို့ပင်ပြောင်းလဲစေကာမူ မပြောင်းလဲသည်မှာ ဒို့ပအိုဝ်းလူမျိုးတို့၏ ၀တ်စုံပင်ဖြစ်ပေသည်။

ယနေ့ခေတ်စနစ် တိုးတက်ပြောင်းလဲလာသည်နှင့် လူတို့နေထိုင်ရာ ကမ္ဘာသည်လည်း ရွာလေးတစ်ရွာအလားပင် ဖြစ်လာပေသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့သည်လည်း မတူကွဲပြားခြားနားစွာ မြင်တွေ့နေရသည်မှာ အများသူငါအသိပင်ဖြစ်သည်။ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကြားမှ ယနေ့ခေတ် လူတို့သည် ပေါ့ပါးဆန်းသစ်သော ယဉ်ကျေးမှုများ၊ ၀တ်စားဆင်ယင်မှုများကို နှစ်ခြိုက်လာကြသည်။ မိမိတို့နေထိုင်ရာကမ္ဘာကြီး ပူနွေးလာသည်က တစ်ကြောင်း၊ များပြားလွန်းလှသောလူဦးရေကြားမှ ကျော်ကြားလိုသူများကတစ်ကြောင်း စသည်တို့မှ အစပြုခြင်းဖြင့် မလုံတစ်လုံ၊ မပေါ်တစ်ပေါ် ၀တ်စားဆင်ယင်မှုများ ခေတ်စားလာပေသည်။

တိုင်းရင်းလူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်ရာ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လည်း သက်ဆိုင်ရာလူမျိုးများအလိုက် ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားခြားနားစွာ ရှိပေသည်။ မည်သည့်လူမျိုးမဆို မိမိလူမျိုးကိုချစ်ခင်မြတ်နိုး တန်ဖိုးထားမည်ဆိုပါက မိမိလူမျိုးနှင့်ဆိုင်ရာ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်မည်ပင် ဖြစ်ပေသည်။

ပအိုဝ်းလူမျိုးမိဘနှစ်ပါးမှ ပေါက်ဖွားသော ပအိုဝ်းသားကောင်း၊ သမီးကောင်းများသည်လည်း မိမိတို့ ပအိုဝ်းလူမျိုးကိုချစ်ခင်မြတ်နိုးမည်ဆိုပါက ပအိုဝ်းလူမျိုးတို့၏ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို နှစ်သက်တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမည်ပင်ဖြစ်ပေသည်။ မိမိတို့လူမျိုး၏ နက်ပြာရောင်ဝတ်စုံ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို တန်ဖိုးထားရမည်။ နောင်နှစ်ပေါင်းထောင်ပေါင်းမြှောက်များစွာ ရပ်တည်နေနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ပင် ဖြစ်ပေသည်။

ထို့ကြောင့် မြို့နေ၊ ကျေးလက်တောရွာနေ ပအိုဝ်းအမျိုးသားကောင်း၊ အမျိုးသမီးကောင်းများမှ မိမိတို့ ၀တ်စုံကို နှစ်သက်တန်ဖိုးထားပါ။ ၀တ်ဆင်ပါ။ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာအရ ပွဲလမ်းသဘင်များကျင်းပခြင်းသော်လည်းကောင်း၊ ထိမ်းမြားလက်ထပ်ရာတွင်သော်လည်းကောင်း၊ ပအိုဝ်းလူမျိုးတို့ကျင်းပရာပွဲကြီး/ငယ်မရွေး ဧည့်ခံသူအနေဖြင့်သော်လည်းကောင်း၊ လာရောက်အားပေးသူအနေဖြင့်သော်လည်းကောင်း မိမိတို့ ပအိုဝ်းရိုးရာဝတ်စုံကို ၀တ်ဆင်ပေးစေလိုပါသည်။ ဤသို့ရေးသားရခြင်းမှာ မိမိတို့ရိုးရာဝတ်စုံကို ၀တ်ဆင်မှုမရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ၀တ်ဆင်သူများရှိသကဲ့သို့ ၀တ်ဆင်ခြင်းမရှိသူများလည်း ရှိနေသည်ကို တွေ့နေရခြင်းကြောင့်ပင်ဖြစ်သည်။ အားလုံးသော ရွှေပအိုဝ်းတို့ကို ၀တ်ဆင်စေလိုသော စိတ်ဆန္ဒတစ်ခုတည်းကြောင့်သာ ဖြစ်ပေသည်။

မိမိတို့ ပအိုဝ်းလူမျိုးတို့၏၀တ်စုံကို မိမိတို့ပအိုဝ်းလူမျိုးများသည်သာ ၀တ်ဆင်မြဲဝတ်ဆင်ရမည် ဖြစ်ပေသည်။ ဤသို့ ၀တ်ဆင်မှသာလျှင် မိမိတို့၏ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့များကို ထိန်းသိမ်းရာရောက်ပေမည်။ သို့မှသာ နောင်ခေတ်အဆက်ဆက်သော မိမိတို့ပအိုဝ်းလူမျိုး၊ မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေအနှစ် ပေးနိုင်မည်ပင်ဖြစ်ပေသည်။ ထို့ကြောင့် အားလုံးသောရွှေပအိုဝ်းတို့အား မိမိတို့လူမျိုးဝတ်စုံကို မြတ်နိုးတန်ဖိုးထားပြီး ၀တ်စားဆင်ယင်ပါလို့ တိုက်တွန်းရင်း စိတ်ရင်း စေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

ခွန်အောင်;နွောင်,
Powered by Blogger.